နေပြည်တော် ၁၀ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်း နိုင်ငံတကာကုန်စည်ပြပွဲ (၂၀၂၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၈နာရီက အဆိုပါပြပွဲရှိရာ ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပြပွဲအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် Mr. Nandan Singh Bhaisora ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်နှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးသည် အကြီးဆုံးတိုင်းဒေသကြီးဖြစ်ပြီး ကုန်သွယ်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည့် အတွက် ယခုကဲ့သို့ ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုများရရှိလာကာ ကုန်သွယ်မှုအသိအမြင် ဗဟုသုတများရရှိပြီး ဒေသကုန်သွယ်မှုမှတစ်ဆင့် အခြားပြည်ပ စျေးကွက်များအထိ ထိုးဖောက်နိုင်သည့် အဆင့်မြင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်၍ ခင်မင်ရင်းနှီးမှုများနှင့် အနာဂတ်တွင် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးအောင်ထူးက နိုင်ငံတော် အနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ စီးပွား ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးများကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှုပမာဏ တိုးတက်စေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဖြေလျှော့ပေးမှုများကို ပြုလုပ်ပေးခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏမှာ နှစ်စဉ်သိသိသာသာ တိုးတက်လာကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းပြည်ပမှ လာရောက် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါး ယက်ကန်းနှင့် အသက်မွေးပညာကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအတွင်း ပြသထားသည့် ချည်ထည်၊ ယက်ကန်းအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


