mdn

ရန်ကုန် ၁၁  ဇန်နဝါရီ



၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို ဇန်နဝါရီ ၁၁ ရက် (ယနေ့) နံနက် ၈ နာရီခွဲမှစတင်ကာ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပသွားမည်ဖြစ်သည်။

 

 ဒုတိယအကျော့ အဖွင့်ပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၁၂) အဖြစ် နံနက် ၈ နာရီခွဲတွင် Dream Team အသင်းနှင့် AMM Brothers အသင်း၊ နံနက် ၁၀ နာရီတွင် On Doctor အသင်းနှင့် လက်ဝဲသုန္ဒရအသင်း၊ နံနက် ၁၁ နာရီခွဲတွင် Winner အသင်းနှင့် MIU အသင်း၊ မွန်းလွဲ ၁ နာရီတွင် MFF ယူ-၁၉ အသင်းနှင့် GV အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ဖူဆယ်ချစ်သူအသင်းနှင့် VUC အသင်း၊ ညနေ ၄ နာရီတွင် Do Do Ko Ko အသင်းနှင့် မြို့မ JY အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ပထမအကျော့အပြီးတွင်  VUC နှင့် MIU အသင်းတို့က ၃၁ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်ကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏နောက်တွင် GV အသင်းက ၂၇ မှတ်၊ On Doctor အသင်းက ၂၂ မှတ်၊ Winner အသင်းက ၂၁ မှတ်၊ မြို့မ JY အသင်းက ၁၈ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၆ မှတ်၊ Do Do Ko Ko အသင်းက ၁၂ မှတ်၊ Dream Team နှင့် လက်ဝဲသုန္ဒရအသင်းတို့က ခြောက်မှတ်စီ၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်၊ AMM Brothers အသင်းက တစ်မှတ် ရရှိထားသည်။

 

ယနေ့ကစားမည့် ဒုတိယအကျော့အဖွင့်ပွဲတွင် MIU နှင့် VUC အသင်းတို့မှ ကစားသမားအချို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်ပြီး ပထမအကျော့နောက်ဆုံးပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အချင်းများမှုကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကစားသမားအချို့နှင့် နည်းပြအချို့ကို ပွဲပယ်နှင့် ဒဏ်ကြေးငွေများ ချမှတ်ခဲ့သည်။

 

ရဲရင့်ရှိုင်း