မြင့်မိုရ်(တာချီလိတ်)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရှမ်း၊ အာခါ၊ လားဟူ၊ ကရင် စသည့် တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်များစွာရှိသည့်အထဲတွင် လားဟူ ရိုးရာနှစ်သစ်ကူးပွဲတော်သည်လည်း အပါအဝင်ဖြစ်သည်။ လားဟူရိုးရာနှစ်သစ်ကူးပွဲတော်တွင် လားဟူတိုင်းရင်းသားတို့၏ စုပေါင်းမြေဝိုင်းအက၊ ရိုးရာလက်ဆေးမင်္ဂလာ၊ ဥယျာဉ်ခြံမြေထွက် အသီးအနှံများနှင့် ပစ္စည်း ဥစ္စာများ စုပေါင်းလှူဒါန်းခြင်း၊ ရိုးရာ တေးသီချင်းများ၊ ညီညာပြီးမြူးကြွဖွယ် ဘူးပုလွေအက၊ ဝတ်စားဆင်ယင်မှုနှင့် ကျေးရွာ အလိုက် ရွှေ့ပြောင်း(မိုဘိုင်း)ကျင်းပသည့် သဘာဝအလှများကို ဇန်နဝါရီလအတွင်း ရှုမြင်ခံစားရမည်ဖြစ်သည်။
လားဟူရိုးရာနှစ်သစ်ကူးပွဲတော်ကို ရိုးရာ ဓလေ့ ထုံးတမ်းအစဉ်အလာများနှင့်အညီ နှစ်စဉ်အစဉ်အလာမပျက် ရှမ်းအရှေ့တောင်ပေါ် ဒေသကျေးရွာများတွင် ရွှေ့ပြောင်း(မိုဘိုင်း) ကျင်းပလျက်ရှိပြီး (၂၂)ကြိမ်မြောက် လားဟူ တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာ အုပ်စု ရေပူစမ်းစံပြကျေးရွာတွင်လည်းကောင်း၊ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာ အုပ်စု ပူနားကိုကျေးရွာတွင်လည်းကောင်း ဇန်နဝါရီ ၂ ရက်က ကျင်းပရာ ပွဲတော်သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် စစ်ဘက်၊ နယ်ဘက်မှ ဌာနဆိုင်ရာ များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ တိုင်းရင်းသား များနှင့် သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ပြီး လားဟူရိုးရာ မြေဝိုင်းအက တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
လားဟူတိုင်းရင်းသားများသည် ရာသီ နှစ်တစ်နှစ်တာကို တိရစ္ဆာန်အကောင် ၁၂ ကောင်တို့ဖြင့် သတ်မှတ်ထားရှိရာ ယခင်နှစ် ၂၀၁၉ ခုနှစ် ဝက်နှစ်မှ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ကြွက်နှစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ရာ တစ်နှစ်တာရာသီကာလအတွင်း ကျင်းပကြ သည့်ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲ တော်ကို အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံး ပွဲတော်အဖြစ် သတ်မှတ်ထားရှိကြသည်။
ပွဲတော်တွင် လားဟူတိုင်းရင်းသားများ သည် တစ်နှစ်တာကာလအတွင်း ရှာဖွေ စုဆောင်းရရှိလာခဲ့သည့် ဥယျာဉ်ခြံမြေထွက် အသီးအနှံများနှင့် ပစ္စည်းဥစ္စာများမှ ဦးဦး ဖျားဖျားကို ပါဝင်လှူဒါန်းမှုပြုလုပ်ကြသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည်။

လားဟူတိုင်းရင်းသားများ၏ အထိမ်း အမှတ်မှာ ဘူးပုလွေဖြစ်ပြီး လားဟူတို့၏ ထင်ရှားသောအကမှာ ကာခေ့ပွဲဟုခေါ်သော မြေဝိုင်းအကဖြစ်သည်။ ထင်းရှူးပင်ငယ် တစ်ပင်ကို အလယ်တွင်ထားပြီး ထင်းရှူးပင်ကို ဝိုင်းပတ်၍ တီးမှုတ်ကာကရသော အကတစ်မျိုး ဖြစ်သည်။ ထူးခြားသော ယဉ်ကျေးမှု အစီအစဉ် တစ်ခုမှာ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များအား လူငယ်များက ရိုးရာ လက်ဆေးမင်္ဂလာခံယူခြင်း၊ ခေါပုတ်နှင့် ဝက်သားခြောက်များကို စုပေါင်းပေးကမ်း လှူဒါန်းခြင်းဖြစ်သည်။
လားဟူတိုင်းရင်းသားများသည် ၎င်းတို့ ဝတ်ဆင်သော ရိုးရာအဝတ်အစား၏ အရောင် ကို အမှီပြု၍ လားဟူနက်၊ လားဟူနီ၊ လားဟူဝါ၊ လားဟူပါလမ်းနှင့် လားဟူရှီးဟူ၍ မျိုးနွယ်စု ငါးစုမှ ပေါက်ဖွားကာ ယနေ့အထိ လားဟူ မျိုးနွယ်စု ၂၄ မျိုးအထိရှိခဲ့သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ လားဟူလူမျိုးများသည် တိဘက် - မြန်မာ အနွယ်ဝင်လိုလို(မိုးဆိုး)အုပ်စုတွင် ပါဝင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ တာချီလိတ် အနီးပတ်ဝန်းကျင် ဒေသများ၊ ရှမ်းမြောက်တွင် လားရှိုးမြို့ ဝန်းကျင်နှင့် တောင်ပိုင်းတွင် နမ့်စန်မြို့အနီးပတ်ဝန်းကျင်များတွင် နေထိုင်သည်ကို တွေ့ရှိရသည်။
ယခင်ကာလများအတွင်းက လားဟူ တိုင်းရင်းသားများအနေဖြင့် နှစ်သစ်ကူးပွဲတော် များကို တောင်ပေါ်ဒေသများတွင်သာ တစ်မိသားစုအတွင်း ဖြစ်စေ၊ တစ်ရွာချင်းဖြစ်စေ တကွဲတပြား ကျင်းပလာခဲ့ကြရာမှ ၂၀ဝ၃ ခုနှစ်မှစတင်ကာ ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတွင် မှီတင်းနေထိုင် သော လားဟူတိုင်းရင်းသားများအားလုံး စုပေါင်းပြီး အလှည့်ကျကျင်းပလေ့ရှိရာ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမကုန်ခင်ကာလတွင် ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ မိုင်းဆတ် စသည့်မြို့များတွင် မြို့နယ်အလိုက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားသက်ဝင်တော့မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။