နှင်းမာယာ

နာဂတောင်တန်းဒေသသည် မြန်မာပြည်အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ နယ်စပ်တွင်ရှိသော ဒေသဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသော ဒေသကြီးငါးခုရှိရာ နာဂဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသော ဒေသတစ်ခုအဖြစ်ပါဝင်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေရှီးမြို့(ပင်လယ်ရေ မျက်နှာပြင်အထက် ၄၄၄၃ ပေ)၊ လဟယ်မြို့ (ပင်လယ် ရေမျက်နှာပြင်အထက် ၄၃၁၃ ပေ)၊နန်းယွန်းမြို့ (ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၁၁၀ဝ) တို့ပါဝင်သည်။

ခွဲခြားခေါ်ဆို

စင်စစ်မူ နာဂမြေသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံလုံးတွင် ပါဝင် ကာဒေသခံများက နာဂတောင်တန်း (မြန်မာ) နှင့် နာဂတောင်တန်း(အိန္ဒိယ)ဟု ခွဲခြားခေါ်ဆိုကြသည်။ အိန္ဒိယနိုင်ငံတွင်းရှိ နာဂပြည်နယ်သည် ပိုမိုကြီးမား ကျယ်ပြန့်ကာ လူဦးရေ ၁ ဒသမ ၈ သန်းခန့် နေထိုင်လျက်ရှိသည်။ မြန်မာပြည်ရှိ နာဂတောင်တန်းဒေသတွင် မြို့ကြီးသုံးမြို့၊ မြို့နယ်ခွဲများနှင့်ကျေးရွာပေါင်း ၂၆၀ ကျော်ခန့်ရှိကာ လူဦးရေ ၁၃၀ဝ၀ဝ ကျော်ခန့်နေထိုင်ကြသည်။ မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံးတောင်ဖြစ်သော စာရာမေရိတောင်သည် နာဂတောင်တန်း ဒေသ လေရှီးမြို့တွင် တည်ရှိပြီး အိန္ဒိယ-မြန်မာနယ်ခြားကျောက်တိုင်ကို စာရာ မေရိတောင်ထိပ်တွင် စိုက်ထူထားသည်။ မြန်မာပြည်တွင် ထင်ရှားသော စာရာ မေတိတောင်၊ ပတ်ကွိုင်တောင်တန်းနှင့် ထိန်ညိုတောင်တို့ကို နာဂတောင်တန်းဒေသတွင် တွေ့မြင်ရသည်။

နာဂတောင်တန်းဒေသတွင် နာဂတိုင်းရင်းသားမျိုးနွယ်စုများစွာနေထိုင် ကြသည်။ နာဂမျိုးနွယ်စုများသည် တိဗက်၊ အာသံ၊ မြန်မာမျိုးနွယ်စုများမှ ဆင်းသက်လာသည်ဟု ဆိုကြပါသည်။ နာဂတိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၀ဝ ကျော်ခန့်ရှိသည်ဟု သိရသည်။ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့များတွင် နေထိုင်ကြသောနာဂတိုင်းရင်းသားမျိုးနွယ်စုများမှာ တန်ကွန်၊ ပါရာ၊ မကူရီ၊ ကူကီး၊ လောင်ဖုရီ၊ တန်ရှန်း၊ လိုင်းနောင်၊ မကျန်၊ နောက်အော် (ခမ်းညူညမ်း)၊ ဂုံဝမ် (ပုံညု) ကျန်း/ကားရော်( ကွန်ညက်) မျိုးနွယ်စုများဖြစ်သည်။

မျိုးနွယ်စုများအကြား မတူညီသောဘာသာစကား၊ ဓလေ့၊ ထုံးတမ်းအစဉ် အလာနှင့် ယုံကြည်မှုများရှိကြသည်။ နာဂမျိုးနွယ်စုများအားလုံးကို ကိုယ်စားပြု သော နာဂမစ်စ်ဘာသာစကားကို နာဂဘာသာစကားအဖြစ် သတ်မှတ်ပြောဆိုကြသည်။ မိမိတို့မျိုးနွယ်စုအလိုက် သီးခြားဘာသာစကားကိုလည်း ပြောဆိုကြသည်။ နာဂတိုင်းရင်းသားအများစုသည် ကယားတိုင်းရင်းသားများနည်းတူ နတ်ကိုးကွယ်ယုံကြည်မှုရှိသည်ကို တွေ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကာလများတွင် မျိုးနွယ်စုများအတွင်း ဦးခေါင်းဖြတ်ကာ ယစ်ပူဇော်သည့် ဓလေ့ထုံးစံ ရှိခဲ့ဖူးသည်။ နာဂမျိုးနွယ်စုကြီးတစ်စုဖြစ်သော ပါရာနာဂ မျိုးနွယ်စု များသည် တံခွန်တိုင်၏ထိပ်ဖျားတွင် ဦးခေါင်းခွံကို တွဲလောင်းချိတ်ဆွဲထားလေ့ ရှိသည်။ အချို့ကမူ နာဂလူမျိုးများကို လူသားစားသော လူရိုင်းများဟု ဆိုခဲ့ဖူးကြသည်။

အထင်ရှားဆုံးပွဲတော်ဖြစ်

နာဂဒေသတွင် အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံ ပန်ဆောင်သို့ ဆက်သွယ်ထား သော လီဒို(စတီးဝဲလ်) လမ်းမကြီးသည် ထင်ရှားသည်။ ရိုးရာပွဲတော်များအနေဖြင့် နှစ်သစ်ကူးပွဲတော်၊ ကောက်သစ်စားပွဲတော်၊မုန့်ထောင်းပွဲ၊ ကောက်စိုက်ပွဲ၊ ကောက်ရိတ်ပွဲများကို ရာသီအလိုက်ကျင်းပလေ့ရှိရာ ရိုးရာနှစ်သစ်ကူးပွဲတော်သည် အထင်ရှားဆုံးပွဲတော်ဖြစ်သည်။

ပွဲတော်ကျင်းပသောအချိန်မှာ ကောက်ပဲသီးနှံရိတ်သိမ်းပြီးစကာလ၊ တစ်နည်းဆိုရသော် နှစ်သစ်၏ တောင်ယာလုပ်ငန်းခွင်သို့ ပြန်မဝင်မီကာလ ဖြစ်သည်။ နာဂတောင်တန်းဒေသတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည် အစည်ကားဆုံးဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပမှ ဧည့်သည်များ အထူး စိတ်ဝင်စားကြသော တိုင်းရင်းသားပွဲတော်ဟု ဆိုနိုင်သည်။ ကျွန်မတွေ့ဆုံခဲ့သော နိုင်ငံခြားသားအချို့သည် နာဂတောင်တန်းဒေသ၏ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လာရောက်ဆင်နွှဲသူများဟု ဆိုကြသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပလေ့ ရှိကြသည်။ နှစ်သစ်ကူးပွဲတော်ကျင်းပချိန်တွင် အိန္ဒိယနိုင်ငံ နာဂပြည်နယ်မှ နာဂလူမျိုးများလည်း လာရောက်ဆင်နွှဲလေ့ရှိကြသည်။ ယခင်က နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကျေးရွာအလိုက်၊ မြို့အလိုက် သီးခြားစီ ခွဲခြားကျင်းပခဲ့ ကြသော်လည်း ၁၉၉၀ ပြည့်နှစ်မှစတင်ကာ နာဂတောင်တန်းဒေသအတွင်းရှိ မြို့ကြီးသုံးမြို့တွင် အလှည့်ကျ ကျင်းပခဲ့ကြသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသောရိုးရာနှစ်သစ်ကူးပွဲတော် ကို နာဂတောင်တန်းဒေသ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေဆုံးဟု ဆိုနိုင် သော လေရှီးမြို့တွင် ကျင်းပခဲ့သည်။ ထိုပွဲတော်သို့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းမှ ဦးဆောင်သော ခရီးကြမ်းကားမောင်းအဖွဲ့ဝင် မော်တော်ကားပေါင်း ၁၉ စီး၊ လူဦးရေ ၇၀ ကျော် တက်ရောက်ကာ ပိုမိုစည်ကားစွာ ကျင်းပနိုင်ခဲ့သည်။ လေရှီးမြို့သည် လဟယ်မြို့၊ နန်းယွန်းမြို့များနှင့် နှိုင်းယှဉ်ပါက လမ်းပန်း ဆက်သွယ်ရေး ပိုမိုချောမွေ့အဆင်ပြေသောမြို့ဖြစ်သည်။ ရန်ကုန်မြို့မှ လေရှီးမြို့ သို့ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းခရီးများဖြင့် သွားလာနိုင်သည်။

 

‌ေ

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို နာဂတောင်တန်းဒေသ၏ မြို့တော်တစ်ခုဖြစ်သော လဟယ်မြို့တွင် ကျင်းပမည်ဖြစ်သည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာအရ သုံးရက် တိုင်တိုင်ကျင်းပလေ့ရှိကာ ပွဲတော်ပထမနေ့ဖြစ်သော ဇန်နဝါရီ ၁၄ ရက်တွင် မုခ်ဦးဖွင့်လှစ်ခြင်း၊ နာဂရိုးရာတံခွန်တိုင်စိုက်ထူခြင်း၊ ဆုတောင်းတိုင်များ စိုက်ထူခြင်း အစီအစဉ်များဖြင့် ပွဲတော်ကိုစတင်ဖွင့်လှစ်မည်ဖြစ်သည်။ ဆုတောင်း တိုင်စိုက်ထူချိန်တွင် နာဂဒေသတစ်ခုလုံးတွင် တစ်နှစ်တာလုံး ဆန်ရေစပါး ကောက်ပဲသီးနှံများ ပေါများပါစေကြောင်း၊ တိုင်းရင်းသားများ ဘေးဘယာ ဝေးကွာပါစေကြောင်း၊ နာဂဒေသကြီးဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်း မေတ္တာများ ပို့သကြသည်။

ဒုတိယနေ့တွင် ရိုးရာနှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော်အဆင့် ခမ်းနား ထည်ဝါစွာ ကျင်းပလေ့ရှိရာ ရိုးရာယဉ်ကျေးမှုအဖွဲ့များစုံလင်စွာဖြင့် တက်ရောက် ကပြ ဖျော်ဖြေကြသည်။ ညပိုင်းအစီအစဉ်တွင် မီးပုံပွဲဖွင့်လှစ်ခြင်းအစီအစဉ် ပါရှိပါသည်။ ကြွရောက်လာသောဧည့်သည်များအား နာဂရိုးရာအကအဖွဲ့များက မီးပုံပွဲတွင် ရိုးရာအကများ၊ မြေဝိုင်းအကများဖြင့် ထပ်မံဧည့်ခံကြမည်ဖြစ်သည်။ ထို့ပြင် ပွဲတော်ရက်များအတွင်း ရိုးရာအားကစားပြိုင်ပွဲများနှင့် တေးဂီတ အစီ အစဉ်များကိုလည်း မြင်တွေ့ကြရမည်ဖြစ်သည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က နာဂတောင်တန်းဒေသတွင် ကျင်းပခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း (၃၀)ပြည့်မြောက်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပုလဲရတုအထိမ်းအမှတ်အဖြစ် နာဂ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ခန္တီးမြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပသွားမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် နာဂရိုးရာပွဲတော်ကို ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် ခန္တီးမြို့နှင့် လဟယ်မြို့များတွင် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။

လဟယ်မြို့သည် ခန္တီးမြို့မှ ၅၆ မိုင်အကွာတွင်ရှိကာ မော်တော်ကားဖြင့် သွားမည်ဆိုပါက အချိန် ငါးနာရီခန့် ခရီးသွားရမည်ဖြစ်သည်။ လဟယ်မြို့တွင် နာဂမျိုးနွယ်စုများဖြစ်သော လိုင်းနောင်၊ မကျန်၊ ကျန်း/ကားရော်(ကွန်းညက်)၊ တန်ရှန်း (ဟိုင်းမြေ)၊ ဂုံဝမ်(ဟိုင်းမြေ) နာဂများကို တွေ့ရမည်ဖြစ်သည်။

နာဂတောင်တန်းသို့ ရေကြောင်းခရီးဖြင့်သွားပါက ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မြစ်၏အလှအပများကို မျက်စိတစ်ဆုံး မြင်တွေ့နိုင်သော်လည်း အမြန်ယာဉ်လိုင်းများအနေဖြင့် အဆင့်မီသော ဝန်ဆောင်မှုများကို မပေးနိုင်သေး ချေ။ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် မုံရွာမြို့မှသည် ဟုမ္မလင်းမြို့ အကြားတွင် ကျေးရွာပေါင်းသုံးရာကျော်မျှရှိကာ အမြန်ယာဉ်သည် လက်ပြ တားရာကမ်းမှ ခရီးသည်များကို တင်ဆောင်ကြသည်ကို တွေ့မြင်နိုင်သည်။ ရေကြောင်းခရီးစဉ်အနေဖြင့် မုံရွာ၊ ဟုမ္မလင်း၊ ထမံသီမှသည် ခန္တီးမြို့အရောက် သုံးရက်ခန့် ခရီးနှင်ရမည်ဖြစ်သည်။

နာဂတောင်တန်းများဆီမှတစ်ဆင့် အိန္ဒိယပြည် နာဂမြေ၏ မြို့တော် ဖြစ်သော ကိုဟီးမားမြို့သို့ သွားရောက်လည်ပတ်နိုင်သည်။ နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကာလများတွင် လေရှီးမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ နာဂပြည်နယ်၏ မြို့တော်ဖြစ်သော ကိုဟီးမားမြို့အထိ သွားရောက်လည်ပတ်ကြသူများလည်း ရှိသည်။ လေရှီးမြို့၏ အနောက်ဘက် မိုင် ၄၀ အကွာတွင် ဆွမ္မရာမြို့ရှိပြီး ဆွမ္မရာမြို့မှ ခြောက်မိုင်ခန့်ခရီးဆက်လျှင် အိန္ဒိယနိုင်ငံ နယ်စပ်သို့ ခရီးပေါက် သည်။ လေရှီးမြို့မှ ကိုဟီးမားသို့ သွားမည်ဆိုပါက တစ်ညအိပ်ခရီးတိုသွားနိုင် သည်။ ဆွမ္မရာမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၄၀ဝ တွင် တည်ရှိသော နာဂတောင်တန်း၏ မြို့ငယ်တစ်မြို့ဖြစ်ကာ တန်ကွန်နာဂမျိုးနွယ်စု အများဆုံးနေထိုင်သောဒေသ ဖြစ်သည်။

 

‌ေ

 

မြန်မာနိုင်ငံတွင် တတိယအမြင့်ဆုံးတောင်ဖြစ်သော စာရာမေရိတောင်ကို လေရှီးမြို့ ရှုခင်းသာမှ ကြည်လင်ပြတ်သားစွာ တွေ့မြင်ရသည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရေခဲလေ့ရှိသော စာရာမေရိတောင်သည် ပြည်တွင်းတောင်တက်သမားများအကြားတွင် ရေပန်းစားလာသည်နှင့်အမျှ လူသူအရောက် အပေါက်များလာသည်ကို တွေ့ရသည်။ လေရှီးမြို့မှ စာရာမေရိတောင်သို့ သွားပါက အသွားအပြန် ခြောက်ရက်ခန့် တောလမ်းအတိုင်းသွားနိုင်သည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ကြသော နိုင်ငံခြားသားများ အနေဖြင့် လေရှီးမြို့နှင့် လဟယ်မြို့များသို့ ခရီးသွားလာခွင့်ပြုမိန့်မပါဘဲ သွားနိုင်သော်လည်း နန်းယွန်းမြို့သို့ သွားရောက်လည်ပတ်လိုပါက ဒေသဆိုင်ရာ ခရီးသွားအဖွဲ့အစည်းများတွင် ခရီးသွားလာခွင့်တောင်းခံရမည်ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် နန်းယွန်းမြို့သည် နိုင်ငံခြားသားများအတွက် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော မြို့တစ်မြို့ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပသော ရိုးရာနှစ်သစ်ကူးပွဲတွင် နာဂရိုးရာအကအဖွဲ့ ၃၇ ဖွဲ့ကို နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က စီစဉ်ဖိတ်ကြားခဲ့သည်။ ထိုအက အဖွဲ့များတွင် အိန္ဒိယနိုင်ငံ နာဂပြည်နယ်မှ ရိုးရာအကအဖွဲ့အချို့လည်း ပါဝင် သည်ဟု သိခဲ့ရသည်။ ပွဲတော်နေ့ဖြစ်သော ဇန်နဝါရီ ၁၅ ရက်တွင် နာဂရိုးရာ အကအဖွဲ့ဝင်၂၀ ကျော်က ရိုးရာအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲကြ သည်။ အကအဖွဲ့တစ်ဖွဲ့လျှင် တိုင်းရင်းသား ၅၀ ခန့်ပါဝင်သော အဖွဲ့ ၁၇ ဖွဲ့က ရိုးရာတေးသီချင်းများ သီကျူးကာ နှစ်သစ်ကူးပွဲကို ပျော်ရွှင်စွာဆင်နွှဲကြသည်။

ပွဲတော်နေ့ဖြစ်သော ဇန်နဝါရီ ၁၅ ရက်သည် အစည်ကားဆုံးနေ့ပင် ဖြစ်သည်။ နံနက်ခင်းမှသည် ညနေစောင်းသည်အထိ တိုင်းရင်းသားရိုးရာအကများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကပြဖျော်ဖြေကြသည်။ ညပိုင်းတွင် မီးရှူးမီးပန်းဖောက်ကာ ညမီးပုံပွဲကို ဆက်လက်ဆင်နွှဲကြသည်။ ကွင်းလယ်တွင် ဝါးတစ်ပြန်စာမျှ မြင့်မားသော မီးပုံကြီးရှိပြီး တိုင်းရင်းသားအကအဖွဲ့များသည် မီးပုံကိုပတ်ကာ ကကြပြန်သည်။ မျိုးနွယ်စုများ၏ နေ့အကနှင့် ညအကများကို မမောနိုင်မပန်းနိုင် ကြည့်ခွင့်ရမည်ဖြစ်သည်။ မီးပုံပွဲတွင် ဒေသခံအကအဖွဲ့များနှင့်အတူ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဧည့်သည်များပါ ပျော်ပျော်ပါးပါး ကခုန်ခွင့်ရကြ သည်။ မီးပုံပွဲတွင် ရိုးရာအကအဖွဲ့များဖျော်ဖြေနေချိန်တွင် နာဂရိုးရာပန်အိမ် တွင်လည်း ပွဲတော်လာဧည့်သည်များက ပန်တုံးများမြိုင်မြိုင်ဆိုင်ဆိုင် တီးခတ် ကာ ပွဲတော်ညကို ပျော်ရွှင်စွာ ဖြတ်သန်းကုန်ဆုံးခဲ့ကြသည်။

နာဂလူမျိုးများ၏ ချမ်းသာကြွယ်ဝမှုကို နွားနောက်ပိုင်ဆိုင်မှုဖြင့် တိုင်းတာ ကြသည်။ နှစ်သစ်ကူးပွဲတော်သို့ လာရောက်သူများကို နွားနောက်သားများဖြင့် ကျွေးမွေးဧည့်ဝတ်ပြုကြသည်။ နာဂတောင်တန်းတွင် လိမ္မော်သီး၊ ထောပတ်သီး၊ မက်မန်းသီးများ စိုက်ပျိုးကြသည်။ အခြားတိုင်းရင်းသားဒေသများနည်းတူ နာဂ ဒေသတွင်လည်း ခရီးသွားဧည့်သည်များကို ရိုးရာခေါင်ရည်ဖြင့် ဧည့်ဝတ်ပြု တတ်ကြသည်။

အချုပ်ဆိုရသော် နာဂတောင်တန်းခရီးစဉ်သည် ခရီးဝေးသောကြောင့် ပင်ပန်းသော်လည်း ပျော်ရွှင်မှုအများဆုံးပေးနိုင်သော ခရီးစဉ်ပင်ဖြစ်သည်။ နာဂတောင်တန်းဒေသအပါအဝင် ချင်းတွင်းအထက်ပိုင်းရှိ ဒေသခံများသည် ဖော်ရွေပျူငှာကြသည်။ ခရီးသွားများကို အစွမ်းကုန် ကူညီစောင့်ရှောက်မှုပေး ကြသည်။ ထို့ပြင် ရောက်လေရာအရပ်ဒေသတို့တွင် ခိုးဆိုးလုယက်သူမရှိ၊ အန္တရာယ်ပေးနိုင်မည့်သူမရှိသောကြောင့် ခရီးသွားများအတွက် ဘေးကင်းလုံခြုံ မှု ရှိသော ဒေသများဟု မြင်မိသည်။ ၂၀၂၀ ပြည့်နှစ်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကို လဟယ်မြို့၌ ပိုမိုစည်ကားသိုက်မြိုက်စွာ မြင်တွေ့ရမည်မှာ သေချာလှပေသည်။