နတ်တလင်း ၁၁ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံသစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးစန္ဒာခိုင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန်းထွန်း၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးသန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ဆေးရုံသစ်ဧည့်ခန်းဆောင်ခန်းမတွင် ကျင်းပရာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရက ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တည်ဆောက်ပေးခြင်း၊ ကုသမှုအပိုင်းတွင်လည်း တတ်နိုင်သမျှ ဝန်ထမ်းများ ချထားပေးခြင်း၊ ဆေးရုံအတွက် အခြားလိုအပ်သော ပစ္စည်းများကို ပြည်သူများက ဝိုင်းဝန်းလှုဒါန်းပေးကြသောကြောင့် ဆေးရုံသန့်ရှင်းစေရေး ကျန်းမာရေးဝန်ထမ်းများကလည်း စေတနာပါပါ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီအတွင်းရေးမှုး ဦးအောင်ရှင်(မုံရွာ)က မုဒိတာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းတို့က အမှာစကားအသီးသီးပြောကြားကြ၍ မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးသန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။ 

ဆက်လက်၍ အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ကြသည်။

ဆေးရုံသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ စာရေးဆရာကိုကြီးတင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသန်းထွန်း၊ တိုက်နယ်ဆရာဝန် ဒေါက်တာလှိုင်ဝင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ INGO များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။ 
အဆိုပါ(၁၆)ကုတင်ဆံ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဉီဌာန၊ တည်ဆောက်ရေး(၁) အဆောက်အဦအထူးအဖွဲ့(၃)မှ တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

တင်မြင့် (နတ်တလင်း)