မိတ္ထီလာ ၁၁ ဇန်နဝါရီ

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကို  ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက  အမှာစကားပြောကြားရာ     တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ပူးပေါင်း၍ ကျေး လက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး ဈေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်နှင့် ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ အဆင့်မြင့် စက်ချုပ်နည်းပညာရပ်များကို တတ်ကျွမ်းပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများ ထူထောင်၍ မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်း(အခမဲ့)ကို နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျေးလက်နေအမျိုးသမီးများအတွက် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ စက်ချုပ်နည်း ပညာသင်တန်းတွင် ထူးချွန်သည့် သင်တန်းသူများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်က ဆုများပေးအပ်ခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဉီးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်း ပညာသင်တန်းကို မိတ္ထီလာ၊ ရမည်းသင်း၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ကြခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)