မန္တလေး ၁၁ ဇန်နဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံမတ်ကြီး H.E. Mr. Ronen Gilor သည် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂နာရီက ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(MRCCI)ရုံး သို့ ရောက်ရှိပြီး သံတမန်ခန်းမတွင် MRCCIအသင်းဥက္ကဋ္ဌ ဦးကျော်မင်း၊ အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်တို့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးမှ အစ္စရေးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး MRCCI ဦးဥက္ကာကျော်က သံအမတ်ကြီးကို အမှတ်တရလက်ဆောင်ပေးအပ်သည်။
၎င်းနောက် အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းဝင်များ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး သံအမတ်ကြီး နှင့် အစ္စရေးနိုင်ငံ Desert Agro-Research Center, Ramat Negev International Training Center for Advanced Agriculture မှ Ramat Negev International Training Program ၏ မန်နေဂျာ Mr.Alon Melchior တို့က စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ အဆင့်မြင့် စိုက်ပျိုးရေး ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
အစ္စရေးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိပြီး မွေးမြူရေးနှင့် နို့ထွက် ပစ္စည်း လုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


