ရန်ကုန် ၁၁ ဇန်နဝါရီ
Asi@Connect Project၏ ပံပိုးမှုဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ Cyber Opeation ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
ယနေ့ဖွင့်လှစ်သည့် Cyber Security Operation ကို မလေးရှားနိုင်ငံမှ ပညာရှင်များက ရန်ကုန်၊ မန္တလေး အပါအဝင် ကွန်ပျူတာတက္ကသိုလ် (၂၇)ကျောင်း၊ နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၇၀ ကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၌ (၇)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်သည်။
“ယခုလို ပရောဂျက်တွေကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်လာတဲ့အတွက် ကျွန်မတို့နိုင်ငံရဲ့ ရည်မှန်းသုတေသန အဆင့်အတန်းတွေ ပိုမိုမြင့်မားလာပြီး ပြည်သူလူထု လူမှုစီးပွားတိုးတက်လာဖို့အတွက် ရည်ညွန်းပါတယ်”ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က ပြောသည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် ၂၀၁၉ - ၂၀၂၀ အတွင်း Asi@Connect Project ၏ ပံ့ပိုးမှုဖြင့် TOT - Training of Trainers သင်တန်းပေါင်း (၁၃) မျိုးဖြစ်သည့် IT Essentials, CCNA-1, CCNA-2, CCNA-3, CCNA-4, CCNP, Internet of Things, Big Data, Software Defined Network စသည့် သင်တန်းများကို မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ နည်းပညာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများကို သင်ကြားပို့ချပေးလျက်ရှိသည်။
ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ဆရာ၊ဆရာမများအနေဖြင့် နိုင်ငံတကာ နည်းပညာများကို လေ့လာခွင့်ရပြီး မိမိတို့တာဝန်ကျရာ ဒေသတက္ကသိုလ်များတွင် ပြန်လည်မျှဝေနိုင်မည့်အပြင် နည်းပညာကွာဟမှုကိုလည်း လျော့ချပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခဒေါ်ခင်မာစိုးက ပြောသည်။
Asi@Connect Project တွင် မလေးရှား၊ ထိုင်းနှင့် ကမ္ဘောဒီယား စသည့် အာရှနိုင်ငံပေါင်း ၂၇ နိုင်ငံမှ တက္ကသိုလ်များနှင့် သုတေသနဌာနများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး ဥရောပမှ သုတေသနပညာရှင်များကို GEANT ကွန်ရက်မှတစ်ဆင့် ဆက်သွယ်၍ သုတေသနလုပ်ငန်းပေါင်းများစွာကို ဆောင်ရွက်လျက်ရှိသော ပရောဂျက်တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်မှစတင်၍ Asi@Connect Project အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
သတင်း - ဝင်းဝင်းမော်၊ ဓာတ်ပုံ - လှမိုး