ရန်ကုန် ၁၁ ဇန်နဝါရီ

 

ပဲနွယ်ကုန်းအသင်း(ရန်ကုန်)၏ ဆဋ္ဌမအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့၊ မဟာဝိဇယစေတီတော်ဝန်းအတွင်းရှိ ပို့ဆောင်ရေးဝန်ကြီးဌာန ဓမ္မာရုံ၌ ကျင်းပသည်။

 

6

 

အခမ်းအနားတွင် ပဲနွယ်ကုန်းအသင်း(ရန်ကုန်)၏ နာယက အဖွဲ့ဝင် ဦးထွန်းကြိုင်က အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးငြိမ်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကို စတင်ရာ ပဲနွယ်ကုန်းအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင်အဖွဲ့ အစီရင်ခံစာကို တင်သွင်းဖတ်ကြားခြင်း၊ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးခြင်းနှင့် အမှုဆောင်အသစ်ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပဲနွယ်ကုန်းအသင်းဝင် အသက် ၈၀ နှင့်အထက် သက်ကြီး အဘိုးအဘွား ၂၅ ဦးအား ပူဇော်ကန်တော့ကာ ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးအား အသင်းတာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

7

 

ပဲနွယ်ကုန်းအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးငြိမ်းမောင်က “အခမ်းအနားမှာ လူငယ်လေးတွေ ပညာရေးနဲ့ပတ်သက်ပြီး အားတက်သရောဖြစ်လာအောင်၊ ပိုပြီးကြိုး စားချင်စိတ်တွေ ဖြစ်လာအောင် တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့သူတွေကို ထိုက်ထိုက်တန်တန်နဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေလုပ်တယ်။ သက်ကြီးပူဇော်ပွဲ ဆိုရင်လည်း အသက် ၈၀ နဲ့အထက် အဘိုးအဘွားတွေကို တစ်နှစ် ထက်တစ်နှစ် တိုးတက်ပြီးတော့ ကန်တော့ခဲ့တာ စတုတ္ထအကြိမ်မြောက် ရောက်ရှိလာခဲ့ပါပြီ။ အခုလိုကျင်းပခြင်းအားဖြင့် အသင်းရဲ့ ပုံရိပ်ဟာ ပိုပြီးမြင့်မား တိုးတက်လာမယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းတွေကို ဒီထက်မကပိုပြီး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟု ပြောသည်။

 

ဇာတိမြေ ပဲနွယ်ကုန်းသား၊ ပဲနွယ်ကုန်းသူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် ကိစ္စရပ်များကို ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ရန်၊ စုစုစည်းစည်းဖြင့် ရိုးရာပွဲတော်များ ကျင်းပနိုင်ရန်၊ လူငယ်များ ပညာရည်ထူးချွန်တိုးတက်ကာ နိုင်ငံ့သားကောင်များဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပဲနွယ်ကုန်းအသင်း(ရန်ကုန်) ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အသင်းဝင် အင်အား ၈၀၀ ခန့်ရှိကြောင်း သိရသည်။

 

6

 

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး