ရန်ကုန် ၁၁ ဇန်နဝါရီ

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ရန်ကုန်တိုင်းဒေသကြီး)နှင့် Jin Gang Shan Asia Pacific General Association (ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား) ဗုဒ္ဓဘာသာအဖွဲ့တို့ ပူးပေါင်း၍ ပထမ အကြိမ် ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက် ဆရာတော် အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်ကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

 

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟို ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက သာသနာ နုဂ္ဂဟအသင်း၏ သာသနာပြုလုပ်ငန်းများကို လျှောက်ထားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်တို့က အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟို ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

 

သတင်းစဉ်