ရန်ကုန် ၁၁ ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ သူနာပြုနှီးနွှယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းတွင် ကျင်းပသည့် “သူနာပြုနှီးနွှယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်း၏ စာသင်ဆောင်၊ ကျောင်းသူအိပ်ဆောင်နှင့် ထမင်းစားဆောင် ဖွင့်ပွဲအခမ်းအနား”သို့ တက်ရောက်သည်။

 

1

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဉီးတင်မောင်ထွန်း၊  အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့က သူနာပြုနှီးနွှယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်း၏ စာသင်ဆောင်၊ ကျောင်းသူအိပ်ဆောင်နှင့် ထမင်းစားဆောင်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် လူနာများအား ပြုစုကုသမှု၊ လူနာများ ဘေးကင်းလုံခြုံမှုကိစ္စရပ်များတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုသားဖွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးကိစ္စရပ်များကို ဦးစားပေးသတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူနာပြုသင်တန်းကျောင်းများတွင် အသုံးပြုသော သင်ရိုးညွှန်းတမ်းများကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များနှင့် ပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီဖြစ်စေရေး ရေးဆွဲခဲ့ပါကြောင်း။

 

5

 

ရွှေဘို၊ မြောင်းမြနှင့် ဟားခါးမြို့တို့တွင်လည်း သူနာပြုသင်တန်းကျောင်းများကို အသစ်ဖွင့်လှစ်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းများတွင်လည်း ယခင်က တစ်နှစ်လျှင် စုစုပေါင်း ၁၈၀၀ ဦးခန့်သာ လေ့ကျင့်မွေးထုတ်ပေးခဲ့ရာမှ ၂၀၁၈-၂၀၁၉ ခုပညာသင်နှစ်မှ စတင်၍ ၃၆၀၀ ဦးအထိ တိုးမြှင့်ခေါ်ယူ လေ့ကျင့်နိုင်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များကို ဖြည့်ဆည်းကာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော သူနာပြုလူ့စွမ်းအားအရင်းအမြစ်များ ထပ်မံတိုးမြှင့် လေ့ကျင့်ပေးနိုင်ရန်အတွက် လိုအပ်သည့် နည်းပြဆရာ၊ ဆရာမ၊ အဆောက်အဦ၊ သင်ကြားမှု အထောက်အကူပြုပစ္စည်းများ၊ ဘဏ္ဍာငွေ စသည်တို့ကို တိကျစွာ သိရှိချမှတ်နိုင်ရေးအတွက် ဘက်စုံခြုံငုံသုံးသပ်မှုများလည်း ပြုလုပ်စေလိုပါကြောင်း။

 

သူနာပြု သားဖွားသင်တန်းကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သူနာပြုသားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအနေဖြင့် ပုံမှန်တွေ့ဆုံဆွေးနွေးခြင်း၊ အတွေ့အကြုံဝေမျှခြင်းများကို ပြုလုပ်ကြစေလိုပါကြောင်း၊ သင်ကြားရေးဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်များနှင့်လည်း ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ သူနာပြုစုကုသမှု လက်တွေ့သင်ကြားခြင်းများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ကြစေလိုပါကြောင်း။

 

ထို့အပြင် သူနာပြုသင်တန်းသူ၊ သင်တန်းသားများထံမှ အကြံပြုချက်များကိုလည်း ရယူ၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများရှိ စာကြည့်တိုက်များတွင် သက်ဆိုင်ရာ ပညာရပ်စာအုပ်စာတမ်းများအပါအဝင် လိုအပ်သည့် စာအုပ်စာတမ်းများ စုံလင်စွာထားရှိကာ သင်တန်းသူ၊ သင်တန်းသားများ စာကြည့်တိုက်ကိုပိုမို အသုံးချ လေ့လာစေရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် “အမျိုးသားအဆင့် သူနာပြုနှင့် သားဖွားနှီးနှောဖလှယ်ပွဲ” နှင့် ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် “သူနာပြုနှင့်သားဖွား ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ” တို့မှ ထွက်ပေါ်လာသော အကြံပြုချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်းနှင့် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရန် လိုအပ်သည်များကို အားဖြည့်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားစေလိုပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံ (ပေါင်းကူး) On-campus Program၊ သူနာပြုသိပ္ပံ (ပေါင်းကူး) Off-campus Program၊ သူနာပြုဒီပလိုမာသင်တန်းများဖြင့် သူနာပြုများကို မွေးထုတ်လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းတက်ရောက်နေသော သူနာပြုသင်တန်းသူ၊ သင်တန်းသားများအနေဖြင့်လည်း အထူးပြုသူနာပြုသင်တန်းများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်သည်အထိ ကြိုးပမ်းကြစေလိုပါကြောင်း၊ သူနာပြုများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုအဓိဋ္ဌာန်သစ္စာနှင့်အညီ၊ သူနာပြုကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် လူနာများ၏ အားကိုယုံကြည်မှုများကို ရရှိနိုင်ရုံသာမက လုပ်ဖော်ကိုင်ဖက် ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များကလည်း လေးစားကြမည်ဖြစ်ပါကြောင်း။

 

သူနာပြုသင်တန်းသူ၊ သင်တန်းသားများအနေဖြင့် စာပေပညာရပ်များ၊ လက်တွေ့သူနာပြုစုမှု ပညာရပ်များကို သင်ယူလေ့ကျင့်ရုံသာမက ကိုယ်လက်လှုပ်ရှား အားကစားကိုလည်း ပြုလုပ်ကြစေလိုပါကြောင်း၊ သင်တန်းကျောင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ပံ့ပိုးစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားကဏ္ဍ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအတွက် ဦးစားပေးသတ်မှတ်ကာ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အမှာစကားပြောကြားပြီး သူနာပြုနှီးနွှယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မိခင်စောမူက သင်တန်းကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်း အဆောင်သစ်များ၊ စာသင်ဆောင်များ၊ စာကြည့်တိုက်နှင့် လက်တွေ့ပုံတူ သရုပ်ပြသင်ကြားခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။

 

2

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည့် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ Niigata University တို့ ပူးပေါင်းဆောင်ရွက်မှု နှစ် (၂၀) ပြည့် အထိမ်းအမှတ်အခမ်းအနား” သို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ Niigata University တို့ နှစ်ပေါင်း (၂၀)ကြာ ပူးပေါင်းဆောင်ရွက်မှုများသည် ဝန်ကြီးဌာနအတွက် များစွာအကျိုးရှိစေခဲ့ပါကြောင်း၊ Niigata University မှ ခေတ်မီနောက်ဆုံးပေါ် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ သုတေသနပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာများ၊ ဓာတ်ခွဲမှုပိုင်းဆိုင်ရာ ဝေမျှခဲ့မှုကြောင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်မားလာကာ ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် များစွာ အထောက်အကူပြုနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန (NHL) နှင့် Niigata University တို့သည် “ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုမှု သုတေသနလုပ်ငန်းများ” ကိုလည်း ၂၀၀၄ ခုနှစ်မှ စတင်၍ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ အဆိုပါလုပ်ငန်းဆောင်ရွက်မှုနေရာ (၂)ခုကို ထပ်မံတိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၇ ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါ ပြန့်နှံ့ဖြစ်ပွားမှုဖြစ်စဉ်၌လည်း Niigata University မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သည်ကို ကျေးဇူးတင်ရှိပါကြောင်း။

 

Niigata University တွင် ပညာတော်သင်သွားရောက်ခဲ့သည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပညာတော်သင်ပြီးဆုံး၍ ပြန်လည်တာဝန်ထမ်းဆောင်သည့်အခါ သင်ကြားသင်ယူမှု အတွေ့အကြုံများကို ပြန်လည်ဝေမျှပေးစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်နှင့် တွေ့ရှိချက်များကို လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးရှိစွာ အသုံးချဆောင်ရွက်စေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ ပြည်သူလူထုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ဖော်ထုတ်ဆောင်ရွက်စေလိုပါကြောင်း။

 

Niigata University အနေဖြင့် ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ တက္ကသိုလ်များနှင့် သဘောတူညီမှုစာချွန်လွှာနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးကာ အဆင့်အတန်းမြင့်မားသည် သုတေသနလုပ်ငန်းများ အပါအဝင် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Deputy chief of mission ဖြစ်သူ Mr. Toru Maeda နှင့် Niigata University မှ ဥက္ကဋ္ဌ Professor Sugata Takahashi တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Niigata University တို့သည် လာမည့် (၅)နှစ်တာကာလအတွင်း လက်ရှိဆောင်ရွက်နေသည့် ရာသီတုပ်ကွေးရောဂါစောင့်ကြည့်ရှုခြင်း လုပ်ငန်းအပြင် ကိုယ်ဝန်ဆောင်မိခင်များကို ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် မွေးဖွားလာမည့် ကလေးငယ်များကို တုပ်ကွေးရောဂါကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိ သုတေသနလုပ်ငန်းနှင့် ကလေးများတွင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားမှုအခြေအနေ လေ့လာခြင်းလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်သွားရန် ဆွေးနွေး သဘောတူညီမှုရရှိခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်အတူ မွန်းလွဲပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ ကျင်းပခဲ့သော “မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ် ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ မွေးကင်းစ အထူးကုဆရာဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်တို့က နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို ယခုကဲ့သို့အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိ ဂုဏ်ပြုပါကြောင်း၊ ဤကဲ့သို့ မိခင်နို့ရည်ဘဏ်ကို တည်ထောင်နိုင်ခြင်းကြောင့် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည်မရရှိနိုင်သော နာမကျန်းမိခင်များ၏ ကလေးများ၊ မိခင်သေဆုံးသွားသူကလေးများ၊ စွန့်ပစ်ခံကလေးများ၊ လမစေ့၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားသော ကလေးများအတွက် အထူးအကျိုးရှိမည်ဖြစ်ပါကြောင်း၊ လူသားမိခင်နို့ကို သောက်သုံးရခြင်းဖြင့် ကလေးငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုသာမက ရောဂါပိုးများကို ခုခံနိုင်သည့် ကိုယ်ခံအား ပဋိပစ္စည်းများကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊

 

မိခင်နို့ရည်ကို မည်သည့်နို့အမျိုးအစား၊ မည်သည့်အာဟာရနှင့်မျှ အစားထိုး၍ မရပါကြောင်း၊ မိခင်နို့သည် နို့မှုန့်နှင့် အခြားနို့ထွက်ပစ္စည်းများထက်မဆို အဆများစွာ ဘေးအန္တရာယ်ကင်းပြီး အကျိုးကျေးဇူးရှိပါကြောင်း၊ ယခုလို နို့တိုက်မိခင်များထံမှ မိခင်နို့ရည်များကို စနစ်တကျစုဆောင်းပြီး တိုက်ကျွေးနိုင်ခြင်းကြောင့် မွေးကင်းစကလေးသေဆုံး၊ (၁)နှစ်အောက်နှင့် (၅)နှစ်အောက် ကလေးသေဆုံးမှုများ လျော့နည်းကျဆင်းလာမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် မိခင်နို့ရည်ဘဏ်ကို ၁၉၉၄ ခုနှစ်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်၌ အငြိမ်းစားပါမောက္ခဒေါက်တာ စန်းစန်းမြင့်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ပစ္စည်း ကိရိယာများဖြည့်ဆည်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆန်းစစ်သုံးသပ်ခြင်းများ ပြုလုပ်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များ ပြုစုရေးဆွဲခြင်းများ ပြုလုပ်၍ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နို့တိုက်မိခင်များမှ လှူဒါန်းသော နို့ရည်များကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်သော နို့ပေါင်းခံစက် (human milk pasteurizer)ကို ယခုမိခင်နို့ရည်ဘဏ် ဖွင့်လှစ်နိုင်ရေးအတွက် ဝယ်ယူပံ့ပိုးပေးခဲ့ပြီး အလှူရှင်များကလည်း အခြားစက်ပစ္စည်းကိရိယာများနှင့် လိုအပ်ချက်များကို စေတနာထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့ပါကြောင်း။

 

ထို့အပြင် ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေး ဆေးရုံကြီး၊ မန္တလေးဗဟိုအမျိုးသမီး ဆေးရုံကြီး၊ မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးနှင့် တောင်ကြီးအမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့အတွက် နို့ရည်များကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်သော နို့ပေါင်းခံစက် (human milk pasteurizer) (၁) လုံးစီကို ဝယ်ယူထားပြီးဖြစ်ကာ ဤကဲ့သို့ နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်များ တည်ထောင်နိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင်လည်း နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရေး အဆင့်လိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာ ခင်ပြုံးကြည်နှင့် Alive and Thrive ၏ Regional Technical Specialist ဖြစ်သူ Ms. Jennifer Cashin တို့က နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ပြီး မွေးကင်းစအထူးကုဆရာဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်က မိခင်နို့ရည်ဘဏ်အကြောင်းကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်အတွက် အလှူငွေများ လှူဒါန်းရခြင်းအကြောင်းကို အလှူငွေမတည်သူ ဒေါက်တာထက်ဇံလင်းက ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မွေးကင်းစကလေးအထူးကု ပါမောက္ခ ဒေါက်တာ နန့်စမ်းစမ်းအေးက နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ် တည်ဆောက်ခဲ့ပုံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်