နေပြည်တော် ၁၁ ဇန်နဝါရီ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော ဓာတ်အားလိုင်း ၁၇၈ ဒသမ ၅၆ မိုင်နှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀ဝ အမ်ဗွီအေ ရွှေဘိုပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခုတည်ဆောက်ခဲ့သည့် ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော ဓာတ်အားလိုင်း ၁၇၈ ဒသမ ၅၆ မိုင်နှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀ဝ အမ်ဗွီအေ ရွှေဘိုပင်မဓာတ်အားခွဲရုံတို့ကို ဗန်းမော်ဒေသရှိ တာပိန်(၁)ရေအား လျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်၍ ဗို့အားပြည့်မီသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗို့အားပြည့်မီသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၂၃၀ ကေဗွီ ဗန်းမော် - နဘားဓာတ်အားလိုင်း ၇၅ မိုင်၊ ၂၃၀ ကေဗွီ ဗန်းမော်နှင့် နဘားဓာတ်အားခွဲရုံအသစ် (၂)ရုံ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ၂၃၀ ကေဗွီနဘား - ရွှေဘို - အုန်းတောဓာတ်အားလိုင်း ၁၇၈ ဒသမ ၅၆ မိုင်၊ ၂၃၀ ကေဗွီ ရွှေဘိုဓာတ်အားခွဲရုံနှင့် အုန်းတောဓာတ်အားခွဲရုံတွင် Switch Bay (2) Bays တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နဘား - ရွှေဘို -အုန်းတော ဓာတ်အားလိုင်း ၁၇၈ ဒသမ ၅၆ မိုင်အနက် ၂၃၀ ကေဗွီ ရွှေဘို - အုန်းတော ဓာတ်အားလိုင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် စမ်းသပ်ပို့လွှတ်ကာ ရွှေဘိုမြို့ပေါ်နှင့် ရွှေဘိုစက်မှုဇုန်၊ ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ်များကို လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ် ကောင်းမွန်စွာဖြင့် စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကသာ၊ ရွှေကူ၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ မိုးကောင်း၊ မိုးညှင်းမြို့များကို ဓာတ်အားပိုမို တည်ငြိမ်ကောင်းမွန်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

 

mdn

 

ထို့ပြင် တာပိန်(၁) ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် အမြန်ဆုံးချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် ၂၃၀ ကေဗွီ ဗန်းမော် - နဘား ဓာတ်အားလိုင်း (၇၅) မိုင် တည်ဆောက်ခြင်း၊ ဗန်းမော်မြို့တွင် ၂၃၀/၁၁၀/၁၁ ကေဗွီ (၂ x ၁၀ဝ) အမ်ဗွီအေ၊ ၁၁၀/၆၆ ကေဗွီ (၅၀) အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် နဘားမြို့တွင် ၂၃၀/၆၆/၁၁ ကေဗွီ (၂ x ၅၀) အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုလကုန်တွင် ပြီးစီးတော့မည်ဖြစ်ကြောင်း၊ ယခုတွင် ဗန်းမော်မှ ဓာတ်အားဖြန့်ဖြူးရာ၌ နဘားကို ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့်သာ ချိတ်ဆက်ထားပြီး၊ နဘားမှတစ်ဆင့် မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဖားကန့် စသည့်မြို့များသို့ မလွှဲမရှောင်သာပဲ ရှည်လျားစွာဆွဲထားခဲ့ရသည့်အတွက် ဗို့အား မတည်ငြိမ်သည့် အခြေအနေများကို မကြာခဏ ကြုံတွေ့ရလျက်ရှိကြောင်း၊ ယခုတည်ဆောက်ပြီးစီးခဲ့သည့် ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော ဓာတ်အားလိုင်းနှင့် တဆက်တည်းဖြစ်သည့် ၂၃၀ ကေဗွီ ဗန်းမော် - နဘား ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများသည် မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်သည့်အတွက် ကာမိုင်း၊ ဖားကန့်၊ တနိုင်း စသည့်မြို့များသို့ အရည်အသွေးပြည့်မီသည့် ဓာတ်အားများ ဆက်လက်ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ကြောင်း၊ ဆက်လက်ပြီး ၁၃၂ ကေဗွီ ဝါရှောင် - ဝိုင်းမော်နှင့် ၂၃၀ ကေဗွီ ဝိုင်းမော် - နဘား ဓာတ်အားလိုင်းများကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိသည့် မြို့ရွာများသို့ အရည်အသွေးပြည့်မီသည့် လျှပ်စစ်ဓာတ်အားများကို ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း။

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက်အခြမ်းရှိ မြို့/ရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ ညောင်ပင်ကြီး - ဂန့်ဂေါ ဓာတ်အားလိုင်း (၉၅)မိုင် စီမံကိန်းကိုလည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဆက်တည်းတွင် အိန္ဒိယနိုင်ငံနယ်စပ်၌ တည်ရှိသည့် တမူးမြို့နှင့် ပတ်ဝန်းကျင်မြို့ရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ ကလေး - တမူး ဓာတ်အားလိုင်း မိုင်(၉၀)ကို ဆက်လက်တည်ဆောက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယခင် ၂၀၁၅ ခုနှစ်၌ စုစုပေါင်း ၉၀ ဒသမ ၇ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် စုစုပေါင်း မဂ္ဂါဝပ် ၂၆၀ အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် မြို့ ၂၇ မြို့၊ ကျေးရွာ ၁၃၃၅ ရွာ၊ အိမ်ထောင်စု ၃၀၅၁၇၁ စု ၂၇ ဒသမ ၈ ရာခိုင်နှုန်းကိုသာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ရာ ယခုအချိန်ထိ မြို့ပေါင်း ၃၄ မြို့၊ ကျေးရွာ ၂၂၈၉ ရွာ၊ အိမ်ထောင်စု ၄၈၄၀၃၁ စုကို ဓာတ်အားပေးနိုင်ပြီး ဖြစ်သည့်အတွက် တိုင်းဒေသကြီးတစ်ခုလုံး၏ Electrification Ratio မှာ ၄၄ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အား ရရှိလျက်ရှိပါကြောင်း၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းနှင့် ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး CCPG ကုမ္ပဏီမှ President Mr. Yu Jun က စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြ၍ ဒေသခံပြည်သူ ဦးချစ်ကိုကိုက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

mdn

 

ယင်းနောက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊ တရုတ်နိုင်ငံသံရုံးမှ Economic Counselor Mr. Tan Shufu နှင့် CCPG ကုမ္ပဏီမှ President Mr. Yu Jun တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က ရွှေဘိုပင်မဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများကို စက်ခလုတ်နှိပ်၍ ဗို့အားပြည့်မီစွာ ပို့လွှတ်ဖြန့်ဖြူးပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

သတင်းစဉ်

 

mdn