ရန်ကုန် ၁၁ ဇန်နဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရတနာပုံအသင်း အဝေးကွင်း၌ နိုင်ပွဲရယူနိုင်ခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဇွဲကပင်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် ယခုရာသီတွင် ပြည်တွင်းကစားသမားများဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့သော်လည်း အဖွင့်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရာသီသစ်မစမီ အဓိက ကစားသမားများဖြစ်သည့် မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်းနှင့် သိန်းသန်းဝင်းတို့ အသင်းပြောင်းသွားသော်လည်း ပြည်ပကလပ်အသင်းများတွင် အငှားသွားရောက်ကစားနေသည့် စည်သူအောင်နှင့် အောင်သူတို့ ပြန်လည်ရောက်ရှိလာသောကြောင့် ရတနာပုံအသင်း ထင်သလောက်အား မပျော့သွားဘဲ ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းသည် အဖွင့်ပွဲတွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ လိုအပ်ချက်များပြားကာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ရတနာပုံအသင်းသည် အသင်းခေါင်းဆောင် ရဲကိုဦးမှလွဲ၍ အောင်သူ၊ စည်သူအောင်၊ လှိုင်းဘိုဘို၊ ဝင်းနိုင်စိုးတို့ဖြင့် လူစုံပါဝင်ခဲ့ပြီး ဇွဲကပင်အသင်းမှာလည်း နိုင်ငံခြားသားကစားသမားသုံးဦးကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ရတနာပုံအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သလို ဇွဲကပင်အသင်းကလည်း တိုက်စစ်ကစားပုံ လိုအပ်ချက်များနေသောကြောင့် ရတနာပုံအသင်းက ပိုဖိကစားနိုင်ခဲ့သည်။ ၂၂ မိနစ်တွင် ရတနာပုံအသင်း အဖွင့်ဂိုးရခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် ဝင်းနိုင်စိုးက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဝင်းနိုင်စိုးသည် ၂၀၁၉ ရာသီတွင် MNL သွင်းဂိုးအများဆုံးဆု ရရှိခဲ့သူဖြစ်သည်။ ရတနာပုံအသင်းသည် တောင်ပံနှစ်ဖက်မှ အဓိက တိုက်စစ်ဆင်ခဲ့ပြီး ရတနာပုံအသင်းနှင့် နှစ်နှစ်ကြာဝေးကွာနေသည့် အောင်သူသည် ပထမဆုံးပွဲတွင် ထင်သလောက် လုပ်ပြနိုင်ခြင်းမရှိခဲ့ပေ။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်း ပထမပိုင်းထက် တိုက်စစ်ဆင်မှု ပိုမိုပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးရနိုင်သည့်အနေအထားတွင် ရတနာပုံအသင်းက ပိုရခဲ့သည်။ ၅၂ မိနစ်တွင် ရတနာပုံအသင်း ဒုတိယဂိုးရခဲ့ပြီး မျိုးကိုထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ရတနာပုံအသင်းက အနိုင်ရလဒ်ကို ထိန်းကစားကာ အမှတ်ပြည့်ရယူခဲ့သည်။
ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် ဧရာဝတီအသင်းသည် အဖွင့်ပွဲတွင် သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည်။ နှစ်သင်းစလုံး ဂိုးရနိုင်သည့်အခွင့်အရေးများရေသာ်လည်း အသုံးမချနိုင်၍ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် (၁) နောက်ဆုံးနေ့ကို ဇန်နဝါရီ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရခိုင်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်