ကလျာမိုးမြင့်
ယူကရိန်းလေယာဉ် အီရန်မှာပျက်ကျသွားတဲ့ကိစ္စက အခုရက်ပိုင်း ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့တဲ့ ကိစ္စတစ်ခုပါ။ ပြီးတော့ ပျက်ကျလေယာဉ်ကိုထုတ်လုပ်ခဲ့တဲ့ ဘိုးရင်းကုမ္ပဏီဟာဆိုရင်လည်း ပြီးခဲ့တဲ့နှစ်အတွင်း မတော်တဆမှုနှစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြား အသက်ဆုံးရှုံးစေခဲ့တာကြောင့် ကုမ္ပဏီရဲ့ပုံရိပ် အတော်လေးကျဆင်းနေချိန်ဖြစ်တာမို့ ဒီမတော်တဆမှုမှာလည်း လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းသတင်းတွေ၊ ထင်ကြေးပေးမှုတွေက ဘိုးရင်းကို ဆက်လက်ရပ်တည်ဖို့ ခက်ခဲတဲ့အခြေအနေတစ်ခုဆီ တွန်းပို့နေပါတယ်။
ဒုံးကျည်ထိမှန်ခဲ့
ဒါပေမယ့်လည်း ဒီနေ့မှာ ကြားသိလိုက်ရတဲ့ သတင်းတစ်ခုကတော့ ဘိုးရင်းကို အသက်ရှူချောင်သွား စေမယ့်သတင်းတစ်ခုပါပဲ။ အဲဒီသတင်းကတော့ ယူကရိန်းလေယာဉ်ဟာ အီရန်စစ်တပ်က ပစ်လိုက်တဲ့ ဒုံးကျည်ထိပြီး ပျက်ကျခဲ့ရတယ်ဆိုတာပါပဲ။ အီရန် စစ်တပ်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မရည်ရွယ်ဘဲ ပစ်ချမိတဲ့အတွက် လေယာဉ်ပေါ်လိုက်ပါ လာသူ ၁၇၆ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။
ပျံသန်းလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အမှားအယွင်းမခံနိုင်တဲ့ နေရာအနီးကို နီးနီးကပ်ကပ်ရောက် ရှိလာခဲ့တာကြောင့် ဒီလိုပစ်ခတ်မိတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရန်သူ့ပစ်မှတ်နဲ့မှားပြီး ပစ်ခတ်မိတဲ့အတွက် လေယာဉ်ကို ဒုံးကျည်ထိမှန်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီကိစ္စမှာ တာဝန်ရှိတဲ့သူကို ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက် မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
မေးခွန်းတွေထွက်ပေါ်
အစောပိုင်းမှာတုန်းကတော့ မြို့တော်ဘီဟီရန်အနီး ပျံသန်းလာတဲ့လေယာဉ်ဟာ ဇန်နဝါရီ ၈ ရက်က အီရန်ရဲ့ ဒုံးကျည်ပစ်ချခံရမှုကြောင့် ပျက်ကျသွားတာဖြစ်တယ်ဆိုတဲ့ ထင်မြင်ပြောဆိုချက်တွေကို အီရန်က ငြင်းဆန်ခဲ့ပါတယ်။ ပြီးတော့လည်း သံသယဖြစ်စရာကောင်းတာက ၎င်းတို့ရရှိထားတဲ့ ပျက်ကျလေယာဉ်ရဲ့ ဘလက်ဘောက်စ်နှစ်ခုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဘိုးရင်းကုမ္ပဏီဆီ လွှဲပြောင်းမပေးနိုင်ဘူးဆိုတဲ့ ငြင်းဆန်ချက်ကလည်း ဘာကြောင့်လဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာ စေခဲ့ပါတယ်။
ဘလက်ဘောက်စ်ကို မပေးနိုင်ပေမယ့် စုံစမ်းစစ်ဆေးမှုကိုတော့ ပူးပေါင်းလုပ်ဆောင်မယ်လို့ အီရန်က ပြောပါတယ်။ အဲဒီနောက်မှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံ တွေက လျှို့ဝှက်ထောက်လှမ်းမှုအဖွဲ့တွေဆီက ရတဲ့ သတင်းအချက်အလက်တွေအရ လေယာဉ်ကို အီရန်က မတော်တဆဒုံးကျည်နဲ့ ပစ်ခတ်မိတာဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ အီရန်အပေါ် ဖိအားတွေ အတော်လေး ကျရောက်လာခဲ့ ပါတယ်။
ခွင့်မလွှတ်နိုင်တဲ့အမှား
အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဒီလောက် သွေးပျက်ဖွယ်ရာကောင်းတဲ့ လေယာဉ်ပျက်ကျမှုဟာ ဘယ်လိုမှ ခွင့်လွှတ်ကျေအေးပေးလို့မရတဲ့ အမှားမျိုးပဲလို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ အီရတ်မှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ လေတပ်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး နှစ်နာရီအကြာမှာ ပီအက်စ် ၇၅၂လေယာဉ်ပျက်ကျကာ လိုက်ပါလာသူ ၁၇၆ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရတယ်ဆို တာဟာအမှန်ပါပဲ။ ယူကရိန်းလေယာဉ်ဟာ တီဟီရန်မြို့ အာမာမ်ခိုမေနီ လေဆိပ်ကနေ ထွက်ခွာလာပြီး သိပ်မကြာခင်မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
စစ်လေယာဉ်နဲ့ မှားပြီးပစ်
ဒီကိစ္စမှာ အီရန်ဟာ အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်နေချိန် အမေရိကန်ဘက်က ဝင်လာနိုင်တဲ့ တုံ့ပြန်တိုက်ခိုက်မှုကို ပြင်ဆင်ထားတဲ့ အီရန်စစ်တပ်က ခရီးသည်တင်လေယာဉ်ကို အမေရိကန် စစ်လေယာဉ်နဲ့ မှားယွင်းပစ်ချလိုက်တာ ဖြစ်နိုင်တယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။
ဇန်နဝါရီ ၃ ရက်က သမ္မတထရမ့်ရဲ့ ညွှန်ကြားချက် အရ လုပ်ဆောင်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ သေဆုံးခဲ့မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အီရတ်ရှိ အမေရိကန်လေတပ်စခန်းတွေကို မကျေပွဲပြန့်နွှဲနေတာဖြစ်ပါတယ်။ ။
ကိုယ့်ရှူးကိုယ်ပတ်
အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်က ယူကရိန်းလေယာဉ်ပျက်ကျရခြင်းဟာ အမေရိကန်ရဲ့ မိုက်ရူးရဲဆန်မှုကြောင့်လည်း ပါတယ်လို့ စနေနေ့က တွစ်တာပေါ်မှာ ပြစ်တင်ပြောဆိုထားပါတယ်။ အီရန်အတွက်တော့ ဒီကိစ္စက အမေရိကန်ကို မကျေပွဲနွှဲရာကနေ ကိုယ့်ရှူးကိုယ်ပြန်ပတ်မိတဲ့ အဖြစ်မျိုးလို့တောင် ဆိုရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူ ၁၇၆ ဦးမှာ ဆွီဒင်၊ ဗြိတိန်၊ အာဖဂန်နစ္စတန် နဲ့ ဂျာမနီနိုင်ငံသားတွေ ပါသော်ငြား အများစုဖြစ်တဲ့ သေဆုံး သူ ၈၂ ဦးဟာ အီရန်နိုင်ငံသားတွေချည်းပါပဲ။ ပြောရရင် အမေရိကန်နဲ့ အီရန်တို့ နိုင်ငံရေးမပြေလည်မှုမှာ ခရီးသည်တွေကြားထဲက အသက်ဆုံးရှုံးခဲ့ရတာပါ။
ရှေ့နောက်မညီ
မကြာသေးခင်ရက်ပိုင်းအတွင်းမှာတင် အီရန်ပြည်တွင်း လေကြောင်းသွားလာမှုအဖွဲ့ အကြီးအကဲ အလီအဘက်ဇာ ဒက်က လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခံရခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့သေချာပေါက် ပြောနိုင်တယ်ဆိုပြီး ပြောခဲ့ရာက ယနေ့မှာ အီရန်စစ်တပ်က လေယာဉ်ကို မတော်တဆ မှားယွင်းပစ်ချမိခဲ့တယ်ဆိုပြီး ကြေညာလိုက်တာကြောင့် အီရန်ရဲ့ စကားတွေဟာ ရှေ့နောက်မညီ ဖြစ်ခဲ့ရပါတယ်။
အီရန်စစ်တပ်ရဲ့ ယခုကြေညာချက် ထွက်မလာသေးခင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း အစိုးရပြောရေးဆိုခွင့်ရှိသူ အလီရာဘီက အမေရိကန်နဲ့ မဟာမိတ်တွေဟာ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို ခရေစေ့တွင်းကျ မသိရသေးဘဲ ထင်ရာတွေပြောပြီး လိမ်ညာနေရုံမက စိတ်ကူး နဲ့ တိုက်ပွဲဖြစ်အောင် စေ့ဆော်နေတယ်လို့ စွပ်စွဲထားပါသေးတယ်။ ဒါပေမယ့် ဒုံးကျည်တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ကြောင်း သံသယဖြစ်စေတဲ့ သက်သေအထောက်အထားတွေက ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ဖို့ တောင်းဆိုသံတွေကို ပိုမိုကျယ်လောင်လာစေခဲ့ပါတယ်။
သက်သေအထောက်အထား
နယူးယောက်တိုင်းမ်က ရရှိထားတဲ့ ရုပ်သံဖိုင်ထဲမှာ ဒုံးကျည်တစ်စင်း တီဟီရန်ရဲ့ ကောင်းကင်ကို ဖြတ်ကျော်သွားခဲ့ပြီး လေယာဉ်တစ်စင်းနဲ့ထိမိကာ ပေါက်ကွဲမှု ဖြစ်သွားတဲ့ပုံရိပ် ထွက်ပေါ်လာခဲ့ပါတယ်။ ၁၀ မိနစ်ခန့်အကြာမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး လေယာဉ်ဟာ မီးစွဲလောင်ကာ ဆက်လက်ပျံသန်းနေခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်မှာ လေယာဉ်ပျက်ကျတဲ့နေရာကို ရိုက်ကူးထားတဲ့ရုပ်သံထဲမှာ မြေတူးစက်တစ်ခုက အပျက်အစီးတွေကို ရှင်းလင်းရေး ကူညီဆောင်ရွက်နေတဲ့ပုံရိပ်က အရေးကြီးတဲ့ သက်သေအထောက်အထားကို ဖယ်ရှားပစ်လိုက်လေမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်စေခဲ့ပါတယ်။
အမှန်တရားပေါ်ပေါက်ဖို့ စောင့်ကြည့်နေ
ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖရန်ကွိုက်စ်ဖိလစ် ပီက ဒီကိစ္စကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေသလို သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကလည်း အမှန်တရားပေါ်ပေါက်ဖို့ လိုလားနေကြတယ်လို့ အီရန်ကို သတိပေးခဲ့ပါတယ်။ ခရီးသည်တင်လေယာဉ် ဒုံးကျည် ထိမှန်ခံရတဲ့ဖြစ်ရပ်ဟာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ် ဇူလိုင်လတုန်းက ရုရှားလုပ် ဒုံးကျည်တစ်စင်း ယူကရိန်းကို ဖြတ်ကျော်လာတဲ့ မလေးရှားပြည်တွင်း လေယာဉ်တစ်စင်းကို ထိမှန်ခဲ့လို့ လူ ၂၉၈ ဦး အသက် ဆုံးရှုံးရဖူးပါတယ်။ အဲဒီလေယာဉ်ကတော့ MH 17 လေယာဉ်ဖြစ်ပါတယ်။ ။
ကိုးကား-အေအက်ဖ်ပီ