မုဒုံ ၁၂ ဇန်နဝါရီ  

 

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချစေရန်ရည်ရွယ်၍ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ပီထော်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

 

mdn

 

အခမ်းအနားတွင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးရန်နိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ဖြစ်ပေါ်လာပုံနှင့် စီမံကိန်းချေးငွေရယူ၍ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေကာ ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်အခြေခံအဆောက်အဉီများ၊ လမ်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်တို့အတွက် လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှ အများသဘောတူသော အတိုးငွေထည့်ဝင်ခြင်းဖြင့် ကျေးရွာ၏ ဖွံ့ဖြိုးရေး၊ ကျေးရွာ၏ လိုအပ်ချက်နှင့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းလာနိုင်စေရန်၊ အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် စသည်ဖြင့် စီမံကိန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ကော့ပီထော်ကျေးရွာမှ ဒေသခံပြည်သူများ၏ သဘောဆန္ဒအရ ကော်မတီကို မဲပေးရွေးချယ်ခဲ့ရာ အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း(၇)ဦးဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

 

mdn

 

မုဒုံမြို့နယ်တွင် ကျေးရွာပေါင်း (၅၀)ရွာရှိသည့်အနက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၁၇)ရွာတို့တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အကျိုးအမြတ်များကို ဒေသခံကျေးရွာနေပြည်သူများ ရရှိခံစားလျက်ရှိကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကော့ပီထော်ကျေးရွာတစ်ရွာအား မြစိမ်းရောင်ကျေးရွာအဖြစ် ထပ်တိုးပါဝင်လာသည့်အတွက် ယခုအခါ မုဒုံမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာပေါင်း (၁၈)ရွာရှိပြီဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ဦး(မြိတ်)