မြစ်သား ၁၂ ဇန်နဝါရီ
မြို့နယ်အဆင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရေဝန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ မဲဆန္ဒနယ်အမှတ်(၁) မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြစ်သားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်တို့က အမှာစကားနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးကြီးပုံနှင့် အသုံးဝင်ပုံများကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရေဝန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၅၀ ဦးနှင့် ကျေးရွာနေပြည်သူ ၁၀၄ ဦးတို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၅၄ ကတ်ကိုပေးအပ်ရာ ရေဝန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့သည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်မိရပ်ဖများ အင်အား ၂၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)