နမ့်စန်(တ) ၁၂ ဇန်နဝါရီ

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မီးဘေးအန္တရာယ်များ လျော့ပါးစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ၊ မီးငြှိမ်းသတ်မှုသရုပ်ပြပွဲများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက လွိုင်လင်သစ်ထုတ်လုပ်ရေးဒေသ နမ့်စန်သစ်ဆိပ်တွင် မီးဘေးကာကွယ်ရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ နမ့်စန်သစ်ဆိပ်မှ ဒေသတာဝန်ခံ မန်နေဂျာ ဦးနိုင်မျိုးဦးက အမှာစကားပြောကြား၍ သစ်ဆိပ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်းက မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုနည်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပညာပေးရှင်းလင်းခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက မီးဘေးလုံခြုံရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းဆိုင်ရာများကို အကြံပြုဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို သရုပ်ပြရှင်းလင်းခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သစ်ဆိပ်မှ ရေသယ်ယာဉ် ၁ စီး၊ ရေထော်လာဂျီ ၁ စီးတို့ဖြင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ရာ တက်ရောက်လာကြသူများက လက်တွေ့ပါဝင် ဆောင်ရွက်ခဲ့ကြသည်။

 

ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးလှထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လွိုင်လင်သစ်ထုတ်လုပ်ရေးဒေသမှ မန်နေဂျာ ဦးနိုင်မျိုးဦး၊ နယ်တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမင်းကိုကိုနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)