နေပြည်တော် ၁၂ ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး(တေးဂီတ) ဦးတိုးကျော်တို့က အမှာစကား ပြောကြားကြသည်။

 

mdn

 

ထို့နောက် ညွှန်ကြားရေးမှူး(တေးဂီတ) ဦးတိုးကျော်က မြန်မာ့အသံသို့ ဒေသဆိုင်ရာ သတင်းများပေးပို့၍ ထူးချွန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့အသံချစ်သူများအဖွဲ့ဝင် သတင်းထောက်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

ယင်းနောက် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုပြသပြီး မြန်မာ့အသံဝန်ထမ်းများက မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး ဒေသခံများက ရှမ်းရိုးရာအကနှင့် ကချင်ရိုးရာအကတို့ဖြင့် ပူးပေါင်းပါဝင်ဖျော်ဖြေကြသည်။

 

ဆက်လက်၍ မြန်မာ့အသံရေဒီယိုအစီအစဉ်များဖြစ်သည့် အနာဂတ်များလှစေချင်၊ ရင်နင့်အောင်လွမ်းခဲ့ရတဲ့ တစ်ခါကမြန်မာ့အသံ (ဇာတ်လမ်းသရုပ်ပြ)၊ ပြည်သူ့ကြားကစကားသံနှင့် ပြုံးပဒေသာအစီအစဉ်တို့ကို ကောက်နုတ်မိတ်ဆက် သရုပ်ပြသပြီး ပြည်သူ့အတွက် ထာဝရမြန်မာ့အသံသီချင်းကို အဖွဲ့လိုက်သီဆိုဖျော်ဖြေကာ အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာ့အသံချစ်သူအဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

 

mdn

 

မြန်မာ့အသံရေဒီယို အစီအစဉ်များကို နှစ်ခြိုက်စွဲလန်းစွာ အားပေးနားဆင်နေကြသည့် အနယ်နယ်အရပ်ရပ်မှ အမာခံသောတရှင်များနှင့် ဖွဲ့စည်းထားသည့် မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club)တွင် ယခုအခါ အဖွဲ့ဝင်ပေါင်း ၁၆၅၀ဝ ကျော်ရှိကြောင်း သိရသည်။

 

မိုးသူဇာ