၁၂ ဇန်နဝါရီ
၂၀၂၀ တိုကျိုအိုလံပစ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီနောက်ဆုံးပတ်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်၏ ညိနှိုင်းမှုအရ မြန်မာနှင့် ထိုင်း အမျိုးသမီးအသင်းသည် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး ကျင်းပမည့်ရက်ကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည့် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး အာဆီယံထိပ်သီးအသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သောကြောင့် အကျိုးရှိမည့်ပွဲလည်း ဖြစ်သည်။ မြန်မာနှင့် ထိုင်းအသင်းသည် ဒီဇင်ဘာပထမပတ်က ကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွင် တွေ့ဆုံထားပြီး ထိုင်းအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခင်နည်းပြချုပ်ဟောင်း ဦးဝင်းသူမိုးနှင့် စာချုပ်သက်တမ်းပြည့်သွားချိန်တွင် သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့သောကြောင့် အိုလံပစ်ခြေစစ်ပွဲအတွက် လက်ထောက်နည်းပြအဖွဲ့က တာဝန်ယူလေ့ကျင့်ပေးလျက်ရှိပြီး ခြေစစ်ပွဲမတိုင်မီ နည်းပြသစ် ခန့်အပ်နိုင်ခြင်းမရှိပါက လက်ထောက်နည်းပြအဖွဲ့ကပင် တာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၂၁ ရက်တွင် စခန်းဝင်လေ့ကျင့်ခဲ့ပြီး စီနီယာကစားသမားများအပါအဝင် အမာခံကစားသမားအစုံအလင်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်း၊ တရုတ်တိုင်ပေ အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (က) ကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ နောက်ဆုံးအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် မျှော်လင့်ချက်ရှိနေပြီး အာဆီယံဒေသတွင်းပြိုင်ဘက် ဗီယက်နမ်အသင်းကို ကျော်ဖြတ်ရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်