မန္တလေး ၁၃ ဇန်နဝါရီ
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးအေးမင်းသူ က အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ ဆွေးနွေးပို့ချသည်။
အဆိုပါ သင်တန်းကို သင်တန်းသား သန်တန်းသူ ၅၀ ဖြင့် ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ (၅)ရက်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုစက်ဝိုင်း၊ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်များ အကြောင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ ထိခိုက်ခံရမှု ထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ဘေးအန္တရာယ်နှင့် ဖွံဖြိုးရေး ဆက်စပ်မှု၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ အရေးပေါ် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရှေးဦးသူနာပြု လက်တွေ့လုပ်ဆောင်ခြင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေခြင်းနှင့် ပြန်လည်ထူထောင်ခြင်း အစရှိသော အကြောင်းအရာများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


