လွိုင်ကော် ၁၃   ဇန်နဝါရီ  

 

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်း အမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဂေါက်ကလပ် ခန်းမဆောင်၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ဒေသကွပ်ကဲရေးမှူး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂေါက်သီးရိုက် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

 

2

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲ အချိန်မီ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိကြောင်း၊ ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်တွင် ယင်းဂေါက်သီးရိုက် အားကစားကို ထည့်သွင်းနိုင်ခဲ့သည့်အတွက်လည်း ပိုမိုပြည့်စုံကောင်းမွန်ခဲ့ကြောင်း၊ ယင်းအတွက် မှန်မှန်ကန်ကန် တင်ပြတောင်းဆိုခြင်းများသည်လည်း အင်မတန် လိုအပ်ပြီး မိမိတို့ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအားလုံး၏ ဂုဏ်များကို ပိုမိုတိုးတက် ရရှိအောင် ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ထို့အပြင် အစိုးရတစ်ရပ်ဟူသည် ပြီးပြည့်စုံသည်ဟူ၍မရှိဘဲ အားနည်းချက်ဆိုသည်မှာ ရှိနေပြီး နည်းမှန်လမ်းမှန်ပြင်ဆင်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်သူများဖြစ်အောင် တက်ရောက်လာသူများအားလုံးမှလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုအခမ်းအနားတွင် ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ဂေါက်သီးရိုက်အားကစား ဝါသနာရှင်များ များစွာ ပါဝင် ကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်လိုသူများအနေနှင့် မိမိတို့ပြည်နယ် တိုးတက်ရေးအတွက် မိမိအနေနှင့် အမြဲတံခါးဖွင့်ထားပြီး အမြဲကြိုဆိုလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် စီးပွားရေး လုပ်ငန်းရှင်များစွာ တက်ရောက် နေ၍ဖြစ်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၏ အားသည် များစွာလိုအပ်ကြောင်း၊ မိမိတို့ပြည်နယ် ယခုထက် ပိုမိုဖွံ့ဖြိုးတိုတက်ရေးအတွက် နည်းမှန်လမ်းမှန်ဖြင့် တည်ဆဲမူဝါဒများနှင့်အညီ ဖော်ဆောင်နိုင်ရေး အတွက်လည်း မိမိ၏ အားကိုယူ၍ ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေနှင့် ယခုလို ဂေါက်သီး ရိုက်အားကစားပြိုင်ပွဲ ကျင်းပပေးနိုင်ခဲ့သည့်အတွက် ပြည်နယ်အတွက် သွေးသစ်အားကစားသမားများ ထွက်ပေါ်လာပြီး ယင်းတို့အနက် အမျိုးသမီးတစ်ဦးမှ ပထမဆု ရရှိခဲ့သလို၊ အသင်းလိုက် ဆုရရှိခဲ့သည့်အတွက်ကိုလည်း ဂုဏ်ယူမိကြောင်း၊ ယင်းတို့၏အားဖြင့် နိုင်ငံတော်ပြုပြင် ပြောင်းလဲမှုအရွေ့ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ အားကစားကဏ္ဍများတွင် နိုင်ငံတကာ နှင့် ရင်‌ပေါင်တန်းနိုင်အောင် နောင်သားများအတွက် အမွေကောင်းများ ပေးနိုင်အောင်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး မနာလိုစိတ်၊ အာဃာတစိတ်များ မရှိရအောင်၊ မဖြစ်ရအောင် ပြောင်းလဲနိုင်ရမည် ဖြစ်ကြောင်း၊ နည်းမှန် လမ်းမှန် တိုးတက်နိုင်ရန်အတွက် အားနည်းချက်များ၊ Mind Set များကိုပြုပြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အားနည်းချက်များကို ပြုပြင်နိုင်အောင် ကြိုးပမ်းကြရန် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဂေါက်သီးရိုက် အားကစားပြိုင် ပွဲမှတဆင့် မိမိတို့ပြည်နယ် တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပြီး မိမိတို့အကျိုး၊ ပြည်နယ်အကျိုးကို အကောင်းဆုံးပူးပေါင်း ဖော်ဆောင်နိုင် ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကန္ဒရဝတီ ဂေါက်ကလပ် ဥက္ကဋ္ဌ ဦးဂျော့ချ်မျိုးမြင့် မှ (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက် အားကစား ပြိုင်ပွဲပြုလုပ်ရခြင်း စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဂေါက်သီးရိုက် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် လာသည့် အကြီးအကဲ များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ လက်ရောက်ပေးအပ် ဆောင် ရွက်ခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်သည့် ဂေါက်သီးရိုက်အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

 

ကိုစိုင်း (လွိုင်ကော်)