ပူတာအို ၁၃ ဇန်နဝါရီ
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Medical Action Myanmarမှ Access to Health Fund ၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်သော အရန်သားဖွား သစ်လွင် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ခရိုင်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်ထွန်းက သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိသောပညာရပ်များဖြင့် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ အသက်အန္တရာယ်ရှိနိုင်သော လူနာများရှိလာပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာနနှင့် အချိန်မီချိတ်ဆက်၍ ပြည်သူများ၏အသက်ကို ကာကွယ်စောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ Medical Action Myanmar၏ စီမံချက် တာဝန်ခံ ဒေါက်တာဟိန်းထက်နောင်က သင်တန်း၏ အားနည်းချက်၊ အားသာချက်များနှင့် သင်တန်းသူ ရွေးချယ်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အရန်သားဖွားသစ်လွင် သင်တန်းဆင်း လက်မှတ်နှင့် သင်တန်းထူးချွန်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊မချမ်းဘော၊နောင်မွန်မြို့နယ်များမှ ကျန်းမာရေး ဝန်ထမ်းများ၏ လွမ်းခြုံမှုနည်း၍ ဝေးလံခက်ခဲသော ကျေးရွာများမှ သင်တန်းသူ(၂၈)ဦးတို့ကို ဝေးလံခက်ခဲသော ဒေသမှမိခင်များနှင့်မွေးကင်စကလေးများအပါအဝင် အသက်အန္တရာယ်ရှိသော အရေးပေါ်လူနာများ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိနိုင်ရန်နှင့် ကျန်းမာရေးကဏ္ဍတွင် အထောက်အကူဖြစ်စေရန်အတွက် ခြောက်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်( ပူတာအို)