နေပြည်တော် ၁၃ ဇန်နဝါရီ
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၁/၂၀၂၀)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူး ပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင်ပါဝင်သည့် နိုင်ငံရေးပါတီ၊ အစုအဖွဲ့ အသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့မှ တင်ပြခဲ့သည့် အခန်းလိုက် ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်များအပေါ် ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲရန်ဆန္ဒပြုမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)၏ နိဒါန်းအပါအဝင် အခန်း (၁) နိုင်ငံတော် အခြေခံမူများ အခန်းမှစ၍ အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များ၊ဇယား ၁ မှ ဇယား ၅ ထိ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်လုံးကို ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်