မိုင်းယု ၁၃ ဇန်နဝါရီ
ကျေးလက်နေတောင်သူများ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ တတ်သိနားလည်စေရန်နှင့် နည်းစနစ်မှန်ကန်စွာ အသုံးပြု တတ်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယုမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်က တောင်စောင်း စိုက်ပျိုးနည်း၊ သဘာဝမြေဩဇာပြုလုပ်နည်း၊ အီအမ်(EM)သုံးစွဲနည်းအကြောင်းကို လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဦးသက်ဇော်အောင်နှင့် ဦးဇော်လွင်တို့က အပင်ကိုင်းကူး ကိုင်းဆက်နည်း၊ ရော်ဘာအစေးခြစ် အစေးလှီးခြင်း၊ ကော်ဖီ စိုက်ပျိုးနည်းများကို ဟောပြောဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ကျေးလက်တောင်သူ ၅၇ ဦးတို့အား သဘာဝမြေဩဇာပြုလုပ်နည်း၊ ကိုင်းကူးကိုင်းဆက်နည်းနှင့် အီအမ်(EM)သုံးစွဲနည်းအကြောင်းတိုကို လက်တွေ့သရုပ်ပြပေးပြီး တောင်သူများကို ရော်ဘာစိုက်ပျိုးနည်းပညာစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)