မြင်းမူ ၁၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန နယ်လှည့်ကွင်းဆင်း တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းက မြင်းမူမြို့တွင် တီဘီရောဂါ ရှာဖွေကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တီဘီရောဂါဖြစ်နေသူများ၊ တီဘီရောဂါ သံသယရှိသူများကိုယ်တိုင် လာရောက်၍ ရောဂါစစ်ဆေးခြင်း၊ X-ray ဓာတ်မှန်ရိုက်စက်ဖြင့် ရောဂါရှာဖွေခြင်း၊ သလိပ်စစ်ဆေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများကို ဆေးဝါးများ အခမဲ့ပေးအပ်ကာ ဆက်လက်ကုသရန် လိုအပ်သော တီဘီလူနာများကို မြင်းမူမြို့ရှိ ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါ တိုက်ဖျက်ရေးဌာနသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နယ်လှည့်တီဘီရောဂါ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်သူဆွေ က ပြောသည်။
တီဘီရောဂါရှာဖွေကုသရေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဆရာ ဆရာမများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နယ်လှည့်တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ဘိုးမင်းကြီးကင်းကျေးရွာ၊ ဂုံညှင်းဆိပ်ကျေးရွာ၊ တောချောင်းဦးကျေးရွာနှင့် ငါးကင်းကျေးရွာများသို့ သွားရောက်၍ ဇန်နဝါရီ ၁၇ ရက်နေ့အထိ ရောဂါရှာဖွေကုသခြင်းများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)