ကသာ ၁၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရေး အသိပေးတင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကသာပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် ကသာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာလာမာမီးက အဖွင့်အမှာစကားနှင့် ကာကွယ်ဆေးထိုး/ တိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် "ကျန်းမာရေး တာဝန် ရှိသူများက ကျေးရွာများသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ သွားရောက်ကွင်းဆင်း ဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါ အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၅)ရက်နေ့အတွင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကသာမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်စေလိုကြောင်း" ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်အောင်မှ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ကွင်းဆက်နှင့် အနုစိပ်စီမံချက်များ၊ လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းဆိုင်ရာများနှင့် ကာကွယ်ဆေးထိုး/တိုက်လုပ်ငန်းများမှ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်နှင့် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့က ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်နှင့် ကသာခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးမိသားစုများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ရဲအောင် (ကသာ)