နေပြည်တော်  ၁၃   ဇန်နဝါရီ 

 

ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)စနစ်နှင့်အညီ ငါးပုစွန် မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ရုံးအမှတ် ၃၆ ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် GAqP စနစ် ကျင့်သုံးခြင်းသည် နိုင်ငံခြားဈေးကွက်ရရှိရေးအတွက်သာ ရည်မှန်းဆောင်ရွက်ခြင်းမဟုတ်ပဲ ပြည်တွင်းစားသုံးမှုအတွက် ဘေးကင်းပြီး အာဟာရပြည့်ဝသည့် ငါး၊ ပုစွန် နှင့် ရေထွက်ကုန်များ စားသုံးနိုင်ရေးအတွက်ကိုပါ ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းအတွက် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျောက်ထားရာတွင် GAqPစနစ် ကျင့်သုံးမှသာ လက်ခံစိစစ် ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း၊ ရေထွက်ပစ္စည်းများနှင့် အသားငါးများ စံချိန်စံညွှန်း လိုအပ်ချက်များနှင့်အညီ အာမခံနိုင်ရေးအတွက် တွန်းအားပေး‌ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေး ငါး၊ ပုစွန်နှင့် ကဏန်းပျော့များကို ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့် ရရှိရေးအတွက် အမျိုးသားအဆင့် ဓာတ်ကြွင်းထိန်းချုပ်မှု အစီအမံကို ဥရောပသမဂ္ဂသို့ နှစ်စဉ်တင်ပြခဲ့ရာ နမူနာကောက်ယူဓါတ်ခွဲ စစ်ဆေးမှုရလဒ်ကောင်းများကြောင့် ဥရောပသို့ မွေးမြူရေးငါးများ တင်ပို့ခွင့်ရရှိပြီးဖြစ်သော်လည်း တင်ပို့ခွင့်ရ ငါးမွေးကန်များတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)စနစ်ကို အကောင်အထည်ဖော်ပြီးမှသာ ဆက်လက်တင်ပို့ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေး အန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သွားရေးဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း။

 

မိမိတို့လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူထားကြသူများအားလုံးသည် သက်ဆိုင်ရာ ဌာနများ၏ ခေါင်းဆောင်များဖြစ်သည်နှင့်အညီ ကောင်းမွန်သော တွေးခေါ်မျှော်မြင်နိုင်မှုနှင့် တီထွင်ဆန်းသစ်နိုင်မှု စွမ်းအားများကို ပေါင်းစပ်ပြီး  လက်ရှိအခြေအနေကို ကောင်းစွာအသုံးချ၍ ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ တစ်ချိန်တည်းမှာပင် မိမိတို့၏ အသိအမြင်ဗဟုသုတ  နည်းပညာများကို မိမိလက်အောက် ဝန်ထမ်းများ၊ တောင်သူများ၊ လုပ်ငန်းနှင့်ဆက်စပ်သူများအား ဖြန့်ဝေ ပေးခြင်းလုပ်ငန်း ကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နည်းပညာ ပြန့်ပွားရေး ဝန်ထမ်းများ အတွက် လိုအပ်သောအထောက်အပံ့များ ဖြည့်ဆည်းပေးသွားရမည်ဖြစ်ကြောင်း၊  မိမိ ဝန်ထမ်းများ လုပ်ချင်ကိုင်ချင်စိတ် သင်ယူလိုသောစိတ် တိုးတက်လိုသောစိတ်များ ပေါ်ပေါက်လာရန် စီမံဆောင်ရွက်ပေးနိုင်ကြခြင်းဖြင့် ခေါင်းဆောင်ကောင်းများအဖြစ် စွမ်းဆောင်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ငါးရိက္ခာ ဖူလုံရေးနှင့် စားသုံးသူများအတွက် ဘေးဥပါဒ် မဖြစ်စေဘဲ အာဟာရပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များဖြစ်စေရန်  တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ငါး၊ ပုစွန်မွေးမြူရေးကန်များအား ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်(GAqP) လိုက်နာဆောင်ရွက်ကြရေး စီမံဆောင်ရွက်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးများက ဒေသအလိုက် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

 

သဘာဝကဖမ်းဆီးရရှိသည့် ငါး၊ ပုစွန်များနှင့် မွေးမြူရေး ငါး၊ ပုစွန်နှင့်  ကဏန်းပျော့ များအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့နိုင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ငါး/ပုစွန် မွေးမြူရေးဧကပေါင်း လေးသိန်းကျော်၊ မြစ်ချောင်း၊ အင်း၊ အိုင် ရေချို ဧရိယာစုစုပေါင်း ဧက(၅၃ ဒသမ ၃၀)သန်း အပြင် ကမ်းဦးရေတိမ်ပိုင်း စတုရန်းမီတာ နှစ်သိန်းကျော်နှင့် ပိုင်နက်ပင် လယ်ပြင် ဧရိယာစတုရန်း ကီလိုမီတာ ‌လေးသိန်းရှစ်သောင်း ကျော်ရှိသဖြင့် ရေချို/‌ရေငန် ငါးပုစွန်သယံဇာတ များစွာရှိရာ မွေးမြူရေးဧက လေးသိန်းကျော်တွင် ဧက တစ်သောင်းနီးပါးခန့်သာ GAqP Certificate ရရှိထားသည့်အတွက် ကျန်ဧရိယာများတွင် လည်း GAqPစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ် လျက်ရှိသည်။ လက်ရှိတွင် ငါးမွေးကန် (၄၉၈)ကန် (ဧကအနေဖြင့် ၉၂၅၄ ဒသမ ၇၄ ဧက) တို့၌ GAqP Certificate ရရှိမှုနှင့်အတူ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)