မိုးမိတ် ၁၅ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယနေ့ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မိုးမိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက် မှ ၂၈ ရက်နေ့အထိ ကောက်ကွက်ပေါင်း(၅)ကွက်၌ အိမ်ထောင်စုပေါင်း(၁၇၅)စုတွင် ကောက်ယူမည်ဖြစ်သည်။၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း (၁၁၀)ပါဝင်ပြီး လူဦးရေဆိုင်ရာ အချက်အလက်များ ၊ ပြည်တွင်းပြောင်းရွှေ့သွားလာခြင်း ၊ လုပ်သားအင်အား ၊ ကလေးမွေးဖွားမှု၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အို ၊ သက်ကြီးရွယ်အိုအထောက်အပံ့ရရှိမှုနှင့် ဘဝပျော်ရွှင်မှု၊ ပြည်ပပြောင်းရွှေ့သွားလာခြင်း၊ ရေပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုစသည့် အဓိက အခန်းကဏ္ဍအနေဖြင့် (၁၂)ခန်း ပါဝင်မည်ဖြစ်သည်။

သောက်သုံးရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စမ်းသပ်ကောက်ယူမှုအနေဖြင့် သောက်သုံးရေ စစ်ဆေးမှုကိုလည်း အိမ်ထောင်စုအလိုက် စစ်ဆေးသွားမည်ဟု ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ယာယီခရိုင် ဦးစီးမှူး ဦးကျော်သက်နိုင်က ပြောသည်။

ယခုအခါ ၂၀၁၄ သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်များ၏ ပြောင်းလဲမှုများကို သိရှိနိုင်ရန်နှင့် နိုင်ငံတော်၏ တိုးတက်ပြောင်းလဲလာသော ပညာရေး၊ကျန်းမာရေး ၊ စီးပွားရေး ၊ စက်မှုလက်မှုဖွံ့ဖြိုးရေး စီမံကိန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမှုများအား သိရှိနိုင်စေရန်ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူရခြင်းဖြစ်ကြောင်း ဦးကျော်သက်နိုင်က ဖြည့်စွက် ပြောကြားသည်။
မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်သို့ စာရင်းစစ်၊စာရင်းကောက်အဖွဲ့ဝင်များ၏ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူနေမှုအား ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ရီရီဝင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီဇော်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ ယာယီခရိုင်ဦးစီးမှူး ဦးကျော်သက်နိုင်တို့သည် ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)