မန္တလေး ၁၅ ဇန်နဝါရီ
ပန်းချီဆရာ လွင်လွင်ကျော်၏ (၇)ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီလ ၁၅ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၃၄လမ်းနှင့်၇၈လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ ဒုတိယထပ်တွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက အဖွင့်အမှာစကား ပြောကြားပြီး ဒေါက်တာကိုကိုကြီးမှ တစ်ကိုယ်တော် ပန်းချီပြပွဲနှင့် ပတ်သက်၍ မုဒိတာစကားပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံရေးဆေးအသင်း၏ ဒုတိယဥက္ကဌ ဦးခင်မောင်စန်းက ပန်းချီပြပွဲနှင့် ပတ်သက်၍ ခံစားမှုရသများ သုံးသပ်တင်ပြကာ ပန်းချီဆရာလွင်လွင်ကျော်မှ (၇)ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ပန်းချီပြပွဲတွင် ရေးဆေးပန်းချီကား ၅၀ ကျော်ပြသထားကြောင်း၊ ပန်းချီကား အများစုမှာ ပုဂံ၊ မန္တလေးဒေသသရုပ်ဖော် ပန်းချီများ၊ စိတ်ကူးဖြင့်ပုံဖော်ထားသောပန်းချီများ၊ လှုပ်ရှားမှုရသများ ထည့်သွင်းရေးဖွဲ့ထားသော ပန်းချီများစသည့် ခံစားမှုရသမျိုးစုံပေးသော ပန်းချီကားများ ပါဝင်ကြောင်းနှင့် ပန်းချီပြပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်ဇာလှိုင်