နေပြည်တော်  ၁၅   ဇန်နဝါရီ

 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်) စက်ဝန်းတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာလူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များအား ဝယ်ယူရေးနှင့် ဘဏ္ဍာရေးသင်တန်းကို ယနေ့နံနက်ပိုင်းမှစ၍ ကူးတို့ဆိပ်ကျေးရွာ ဓမ္မာရုံ၌  ဖွင့်လှစ်သည်။

 

သင်တန်းတွင် ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်က သင်တန်းသားများအား မိမိတို့ကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်းများ ဆောင်ရွက်ရာ၌ လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် သင်ကြားပို့ချပေးသည့် သင်တန်းဖြစ်သောကြောင့် ပို့ချသင်ကြားပေးသည့် သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်အောင် စိတ်ပါဝင်စားစွာဖြင့် သင်ကြားစေလိုကြောင်း၊ သို့မှသာ လက်တွေ့ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှာဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခင်မေစုလှိုင်မှ သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၉)ရွာမှ သင်သား၊ သင်တန်းသူ(၁၁၇)ဦးအား စီမံကိန်းလုပ်ငန်းများပြင်ဆင်ခြင်း၊ ဝယ်ယူရေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်ခန်းစာများကို  ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ(၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)