ကျေးသီး ၁၅ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့ ဝမ်ကန်ရပ်ကွက် ၊အ.မ.က(မြို့မ) စာသင်ကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်းနှင့် အ.မ.က(မြို့မ) ကျောင်းအုပ် ဆရာကြီး ဦးစိုင်းဆိုင်ဇင့်တို့က အမှာစကားပြောကြားကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက (၂၀၁၈-၂၀၁၉) ပညာသင်နှစ်အတွက် ဉာဏထူးချွန်ဆုများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ကာယထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အ.မ.က(မြို့မ)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများ၊ တေးသီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ ၊ ကျောင်းသားမိဘများ စုစုပေါင်း (၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဥမ္မာကျော်(ကျေးသီး-ပြန်/ဆက်)