မန္တလေး ၁၅ ဇန်နဝါရီ
မန္တလေးဒေသခံ ပန်းချီဆရာလွင်လွင်ကျော်၏ (၇)ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် Mandalay Yatanar Mall ရှိ SMART Art Gallery တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲကို ၂၀၂၀ ခုနှစ်အတွင်း၌ ပန်းချီကားအသစ်များ ဆက်လက်ဖန်တီးရေးဆွဲနိုင်ရန် ပြန်လည်သုံးသပ်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်းက ရေးဆွဲထားသည့် ရေဆေးပန်းချီကားပေါင်း ၅၀ ကို ၎င်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြသခြင်းဖြစ်ကြောင်း သိရသည်။
"တစ်နှစ်လုံးမှာ ကြိုးစားထားတာတွေကို ပြသတဲ့သဘောပါ။ အမေကမွေးပေးပြီး ဆရာတွေက သင်ပေးလို့ ဒီလိုမျိုး ပန်းချီတွေ ရေးဆွဲနိုင်တာပါ။ ဒါကြောင့် အမေနဲ့ ဆရာကို ဂါရဝပြုအနေနဲ့ ဒီပြပွဲလေးကို ကျင်းပတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ရေးဆေးရေးဆွဲဖို့ စာရွက်ကရှားတယ်။ ပုံအကြီးတွေရေးဆွဲဖို့က ကင်းဘတ်စပေါ်မှာပဲ အဆင်ပြေတယ်။ ပန်းချီကားတွေရဲ့ ထူးခြားချက်အနေနဲ့ အခရိုင်းလစ်ရေးနည်းကို ကင်းဘတ်စပေါ်မှာ ရေဆေးနဲ့ရေးတာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ပန်းချီဆရာလွင်လွင်ကျော်၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကာ ပြပွဲတွင်ပြသထားသည့် ပန်းချီကားများကို ဝယ်ယူသိမ်းဆည်းလိုသူများအတွက် ပန်းချီကားအရွယ်အစားပေါ် မူတည်၍ ငွေကျပ် ၁၅၀၀၀၀ မှ ၁၀ သိန်းအထိ သတ်မှတ်ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


