နေပြည်တော် ၁၅ ဇန်နဝါရီ

 

အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် (Nutrition Sector Reform Contract - NSRC) လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများနှင့် လုပ်ငန်းလျာထားသတ်မှတ်ချက်များဆိုင်ရာ အမျိုးသားအဆင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က အမှာစကားပြောကြားကြပြီး တက်ရောက်လာကြသူများက အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများ၊ လုပ်ငန်းလျာထားသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ထိုသို့ဆွေးနွေးရာတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS)နှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှု (Ms-NPAN)ဆိုင်ရာ ငါးနှစ်စီမံကိန်းတို့တွင် ပါရှိသည့် အာဟာရပြည့်ဝရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဥရောပသမဂ္ဂမှ ယူရို ၁၁၂ သန်း ထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကြီး အောင်မြင်စေရေးအတွက် ဘတ်ဂျတ်လျာထားမှုကို တိကျသေချာစွာ ဆောင်ရွက်ကြရန်လိုအပ်ပြီး ဌာနဆိုင်ရာ သဘောထားမှတ်ချက်များနှင့်အညီ ညှိနှိုင်းပြင်ဆင်ထားသည့် ဘဏ္ဍာငွေကြေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဘဏ္ဍာငွေ လုပ်ထုံးလုပ်နည်းများအရ  အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ကျေးလက်ဒေသ အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ မှ ၂၀၂၃ - ၂၀၂၄ အထိ ငါးနှစ်တာကာလအတွင်း စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ပြည်ထောင်စုအဆင့်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်(၁၀)မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်