နေပြည်တော် ၁၅ ဇန်နဝါရီ
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်မောင်နှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီ (၅)ခုမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် “ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ”ကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အဖွဲ့ဝင်(၂၀)ဖြင့် လုပ်ငန်းတာဝန် (၅)ရပ်ချမှတ်ကာ ဖွဲ့စည်းခဲ့ပြီး ယခုအခါ သက်တမ်းအားဖြင့် (၃)နှစ်ပြည့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကော်မတီ၏လုပ်ငန်း တာဝန်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဝန်ကြီး (၃)ဦးနှင့် အမြဲတမ်းအတွင်းဝန်(၂)ဦးတို့ ဦးဆောင်၍ “ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းကော်မတီ”၊ “ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ”၊ “ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ”၊ “စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေးလုပ်ငန်းကော်မတီ”နှင့် “အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီ” တို့ကို ဖွဲ့စည်းပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းတွင် (၄)ကြိမ်၊ ၂၀၁၈ ခုနှစ်အတွင်းတွင် (၃)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၂)ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်မှ (၁၀)ကြိမ်အထိ အစည်းအဝေးဆုံးဖြတ်ချက် စုစုပေါင်း (၈၇)ချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အချက် (၇၉)ချက်နှင့် ဆောင်ရွက်ဆဲ (၈)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ (၈)ချက်ကိုလည်း အမြန်ပြီးပြတ်အောင် အချိန်ကာလသတ်မှတ်ပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ (၃၁)ကြိမ် တွေ့ဆုံခဲ့ပြီး အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း (၃၆၉)ချက်ရရှိခဲ့ရာ အဆိုပါတင်ပြချက်များအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းကော်မတီ (၅) ခုတို့၏ ဖြေရှင်းပြန်ကြားပေးမှုများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါပြန်ကြားချက်များအနက် အချို့အချက်များမှာ နှစ်ဆင့်သုံးဆင့်ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်နေသဖြင့် လုပ်ငန်းကော်မတီ (၅) ခုအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ (Public- Private Dialogue) များကို စဉ်ဆက်မပြတ်ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် အချို့အချက်များသည် ပြဋ္ဌာန်းထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများသည် ထိုက်သင့်သလောက် အောင်မြင်မှုရရှိနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းကော်မတီ (၅) ခုတို့အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများ တိုးတက်မှု မြန်ဆန်လာအောင် ယခုထက် ပိုမိုအလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
သို့မှသာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း အကျိုးသက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအားနည်းသွားလျှင် ပုဂ္ဂလိကကဏ္ဍကို အခြေခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် တုန့်နှေးသွားနိုင်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များအနေဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များအလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များကို စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ယခုနှစ်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် “နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုအစီရင်ခံစာ ၂၀၂၀ (Doing Business Report 2020)” တွင် မြန်မာနိုင်ငံသည် “စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ တိုးတက်မှုအကောင်းဆုံးနိုင်ငံ(၂၀)” စာရင်းတွင်ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း (၁၉၀)တွင် ယခင်နှစ်က အဆင့် (၁၇၁) ဆင့်ရရှိခဲ့ပြီး ယခုနှစ်တွင် အဆင့်(၁၆၅)ဆင့် ရရှိသည့်အတွက် အဆင့် (၆) ဆင့် တိုးတက်လာခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပူးပေါင်းကြိုးပမ်းမှုများသည် အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိလာပြီဟု ပြော၍ရပါကြောင်း၊ ယခုကဲ့သို့ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြသည့် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ အကူအညီပေးသော နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
“စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှုအစီရင်ခံစာ ၂၀၂၀” တွင် လုပ်ငန်းနယ်ပယ် (၁၀)ခု၏ အဆင့်နှင့် ရမှတ်များကို ပြန်လည်သုံးသပ်ကြည့်လျှင် အဆင့်နှင့်ရမှတ် တိုးတက်လာသည့် နယ်ပယ် (၅) ခုမှာ “စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း”၊ “ဆောက်လုပ်ခွင့်ရယူခြင်း”၊ “ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း”၊ “အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း” နှင့် “ပဋိဉာဉ်များအတည်ပြုဆောင်ရွက်ခြင်း”တို့ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခင်နှစ်အတိုင်း အဆင့်နှင့်ရမှတ်တူ ဖြစ်နေသည့် နယ်ပယ် (၂)ခုမှာ “ပြည်ပကုန်သွယ်မှု” နှင့် “အကြွေးမပေးဆပ်နိုင်မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှု” နယ်ပယ်တို့ ဖြစ်ပါကြောင်း။ ယခင်နှစ်ထက် အဆင့်လျော့ကျခဲ့သည့် နယ်ပယ်(၃)ခုအနက် “ချေးငွေရရှိနိုင်မှု” နှင့် “အခွန်ပေးဆောင်မှု” နယ်ပယ်တို့တွင် အဆင့်(၃)ဆင့်စီ လျော့ကျခဲ့ပြီး ရမှတ်အနေဖြင့် ယခင်နှစ်အတိုင်း ရရှိခဲ့ပါကြောင်း၊ “လျှပ်စစ်ဓာတ်အားရရှိနိုင်မှု” နယ်ပယ်တွင် အဆင့် (၄) ဆင့် လျော့ကျခဲ့ပြီး ရမှတ်အနေဖြင့် ယခင်နှစ်ထက် (၁) မှတ် တိုးတက်လာသည်ကို တွေ့ရပါကြောင်း။
ထို့ကြောင့် တိုးတက်ခဲ့သည့် နယ်ပယ်(၅)ခုအနေဖြင့် လာမည့်နှစ်များတွင် ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ “အဆင့်တိုးတက်မှုမရှိသည့် နယ်ပယ်(၂)ခု”နှင့် “အဆင့်လျော့ကျသွားသည့် နယ်ပယ်(၃)ခု”တို့အနေဖြင့် လာမည့်နှစ်တွင် အဆင့်နှင့်ရမှတ်များ ပိုမိုတိုးတက်ရရှိရေးအတွက် ယခုကတည်းက လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ကမ္ဘာ့ဘဏ် အုပ်စု (International Finance Corporation – IFC) က ရေးဆွဲပေးပို့လာသည့် “မြန်မာ့စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု လုပ်ငန်းစီမံချက် ၂၀၂၀” ပါ အချက်များကို ကာလတို၊ ကာလလတ်၊ ကာလရှည် သတ်မှတ်ကာ သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
2021 Ease of Doing Business Ranking တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်စပ်သည့်ဌာနများက ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများကို ခေတ်နှင့်လျော်ညီအောင် ပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်နေသကဲ့သို့ လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက်လည်း ခေတ်မီနည်းပညာများကို အသုံးပြု၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ အများပြည်သူသိရှိပြီး မှန်ကန်သည့် အဖြေများကို ဖြေဆိုနိုင်ကာ ထိုက်တန်သည့် ရမှတ်နှင့်အဆင့်တို့ကို ရရှိလာမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းမှုပိုမို အားကောင်းမှသာ ရည်မှန်းချက်များ အောင်မြင်တိုးတက်နိုင်မည် ဖြစ်ပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Ease of Doing Business Ranking တိုးတက်စေရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေရန်နှင့် အဆင့်တိုးတက်လာစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က “အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “ငွေကြေးရရှိစေနိုင်မှုဆိုင်ရာ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ”နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦးက “ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းကော်မတီ”နှင့် စပ်လျဉ်း၍လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက “ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ” နှင့် စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က “စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီ” နှင့် စပ်လျဉ်း၍လည်းကောင်း လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက “Doing Business Ranking” တိုးတက်ရေးအတွက် အညွှန်းကိန်း တစ်ခုချင်းအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်သွားမည့် ပြုပြင်ပြောင်းလဲမှုအစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က e-Government Data Center များ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က Ease of Doing Business Ranking တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် အခြေအနေနှင့် ဖြည့်ဆည်းထောက်ပံ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်ပေးခဲ့မှု အခြေအနေများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် Project Bank ၏ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက နိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှုနှင့် ချေးငွေထုတ်ချေးပေးနေမှု အခြေအနေများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် UMFCCI ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို အကြံပြုဆွေးနွေးကြသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဦးအောင်စိုးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို တင်ပြပြီး အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၉)ချက်ကို အတည်ပြုချမှတ်ခဲ့သည်။
ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


