မန္တလေး ၁၅ ဇန်နဝါရီ
ဒုတိယအကြိမ်မြောက် မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲကို ဇန်နဝါရီ (၁၇၊ ၁၈၊ ၁၉) ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့ (၈၄) လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမဆောင်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခေတ်နှင့်အညီ လျင်မြန်စွာ တိုးတက်နေသော ဒီဇိုင်းနည်းပညာ ဗဟုသုတများကို ပညာလက်ဆင့်ကမ်းနိုင်ရေး မန္တလေးလူငယ်ဂရပ်ဖစ်ဒီဇိုင်းနာများ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ရင်ပေါင်တန်းနိုင်ရေး၊ မြန်မာဂရပ်ဖစ် ဒီဇိုင်းလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပရခြင်း ဖြစ်သည်။
ယခုဂရပ်ဖစ်ဒီဇိုင်းပြပွဲတွင် "Design-Talk About Communucation" (ဒီဇိုင်းကပြောသော လူမှုဘဝဆက်ဆံရေး) ခေါင်းစဥ်ဖြင့် ပြသသွားမည် ဖြစ်သည်။ အဆိုပါ ဒီဇိုင်းပြပွဲတွင် ကိုရီးယားနိုင်ငံ ဒီဇိုင်းပညာရှင်များ ရေးဆွဲသော ဒီဇိုင်းကား ၂၉ ကား၊ မြန်မာဒီဇိုင်းပညာရှင်များ ရေးဆွဲသော ဒီဇိုင်းကား ၆၄ ကား ဖြစ်သည်။
ပြပွဲနှင့်အတူ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဒီဇိုင်းပညာရှင် ဆရာမြင့်မောင်ကျော်ကလည်းကောင်း၊ ညနေပိုင်းတွင် ပန်းချီပညာရှင် ဆရာဦးဇော်ဝင်း(သစ်ထွင်း)တို့က ဒီဇိုင်းပညာအကြောင်း ဟောပြောဆွေးနွေးကြမည် ဖြစ်သည်။ အလားတူ ဇန်နဝါရီ ၁၈ နံနက်ပိုင်းတွင် ဒီဇိုင်းပညာရှင် ဆရာဇော်ဝင်းမြတ်၊ ညနေပိုင်းတွင် ပုံနှိပ်ပညာရှင် ဆရာဦးဝင်းတင်ကလည်းကောင်း၊ ဇန်နဝါရီ ၁၉ နံနက်ပိုင်းတွင် ဒီဇိုင်းပညာရှင် ဆရာစျာန်သစ်၊ ညနေပိုင်းတွင် ဒီဇိုင်းပညာရှင် ဆရာချိုတူးမောင်တို့က ဟောပြောဆွေးနွေးသွားကြမည်။
မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲကို မည်သူမဆို လာရောက်ကြည့်ရှု လေ့လာနိုင်နားထောင်နိုင်ကြောင်း သိရသည်။
စိုးဝင်းဗိုလ်(အရာတော်)


