၁၅ ဇန်နဝါရီ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂)ကို ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး အဖွင့်ပွဲတွင် နိုင်ပွဲရထားသည့် ဟံသာဝတီနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရတနာပုံအသင်းနှင့် စစ်ကိုင်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံ လျက်ရှိသည်။

 

7404

 

ပွဲစဉ် (၂) အဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် YUSC ကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် မကွေးအသင်း၊ ဇန်နဝါရီ ၁၈ ရက်တွင် ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် စစ်ကိုင်းအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရခိုင်အသင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ယခုတစ်ပတ်ပွဲစဉ်များအနက် ပွဲစဉ်နှစ်ပွဲကို ကွင်းပြောင်းလဲထားပြီး အသစ်ခင်းကျင်းထားသည့် သုဝဏ္ဏမြက်ခင်းပြင် အသားကျရန် အချိန်ယူရမည်ဖြစ်သောကြောင့် သုဝဏ္ဏကွင်း၌ကျင်းပမည့်နှစ်ပွဲကို YUSC ကွင်းသို့ ပြောင်းလဲကျင်းပမည် ဖြစ်သည်။

ချင်းယူနိုက်တက်နှင့် မကွေးပွဲကို ကွင်းပြောင်းလဲခဲ့သလို ဇွဲကပင်နှင့် ရန်ကုန်ပွဲကိုလည်း အိမ်ကွင်းပြောင်းလဲကာ ရန်ကုန်အသင်း၏ အိမ်ကွင်းပွဲအဖြစ် ပြောင်းလဲကစားမည် ဖြစ်သည်။ ယခုတစ်ပတ်၏ စိတ်ဝင်စားစရာကောင်းသည့်ပွဲမှာ ပြီးခဲ့သည့်ရာသီက စစ်ကိုင်းနှင့်တွေ့ဆုံတိုင်း အရေးနိမ့်ခဲ့သည့် ရတနာပုံအသင်းအနေဖြင့် အိမ်ကွင်း၌ ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

ရတနာပုံအသင်းသည် ပွဲစဉ် (၁)အပြီး ဇယားထိပ်ဆုံးမှ ဦးဆောင်နေသလို ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းလည်း ဖြစ်သည်။ စစ်ကိုင်းအသင်းသည် အဖွင့်ပွဲတွင် Southern အသင်းကို အဖွင့်ပွဲ၌ အနိုင်ရပြီးနောက်ပိုင်း အဝေးကွင်း နှစ်ပွဲဆက် ကစားရခြင်း ဖြစ်သည်။

ဦးမျိုးမင်းထွန်း ကိုင်တွယ်နေသည့် ဟံသာဝတီအသင်းမှာလည်း ယခုတစ်ပတ်လတွင် ပွဲကျပ်ကစားရမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကစားအပြီး သုံးရက်သာ နားကာ ယခုပွဲကစားရမည် ဖြစ်သည်။ 

အဖွင့်ပွဲတွင် နိုင်ပွဲပျောက်ခဲ့သည့် မကွေး၊ ရခိုင်၊ Southern၊ ချင်းယူနိုက်တက်၊ ဧရာဝတီ၊ ဇွဲကပင်နှင့် အား/ကာသိပ္ပံအသင်းတို့၏ ရုန်းကန်မှုများကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်။

ပွဲစဉ် (၁) တွင် ရတနာပုံ၊ စစ်ကိုင်း၊ ဟံသာဝတီ၊ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ နိုင်ပွဲရခဲ့ပြီး စုစုပေါင်းခြောက်ပွဲတွင် တစ်ပွဲသာ သရေကျကာ ငါးပွဲအထိ အရှုံးအနိုင်ရလဒ် ထွက်ပေါ်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်