၁၆ ဇန်နဝါရီ

 

ငါးနှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)မှ အရာရှိအပါအဝင် အခြား အဆင့်ရှိ ဝန်ထမ်း ၈၀ ကျော်ကို နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူထားကြောင်း အဆိုပါ YCDC ၊ ဝန်ထမ်းရေးရာဌာနခွဲ၏ စာရင်းများအရ သိရသည်။

 

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၃ ပါ ပြစ်ဒဏ်များအရ ထုတ်ပစ်သည့် ဝန်ထမ်းများအပါအဝင် ထုတ်ပယ်ခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ ရာထူးတိုးမြှင့်မှု ရပ်ဆိုင်းခြင်း၊ နှစ်တိုးလစာ ရပ်ဆိုင်းခြင်းနှင့် စာဖြင့်သတိပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ ငါးနှစ်အတွင်း ဝန်ထမ်း ၈၂ ဦး ရှိကြောင်း သိရသည်။

 

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရှိ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများ ချိုးဖောက်ပါက  နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့်  အရေးယူလျှက်ရှိပြီး ယင်းဥပဒေတွင် ပြဌာန်းထားသည့် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူ ၁၀ ချက်၊ အလုပ်ချိန်နှင့်ပတ်သက်သည့် စည်းကမ်း ၆ ချက်၊ တာဝန်ထမ်းဆောင်မှု အရည်အချင်းနှင့်ပတ်သက်သည့် စည်းကမ်း ၄ ချက်၊ အလုပ်ခွင်အတွင်းနှင့်ပတ်သက်သည့် စည်းကမ်း ၁၂ ချက်ရှိကြောင်း YCDC ၊ စီမံရေးရာဌာနမှ ဌာနမှူး ဦးကျော်မင်း ကပြောသည်။



"ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ မှာ ပြစ်ဒဏ်ကိုးမျိုးရှိပါတယ်၊ လွယ်လွယ်ပြောရမယ်ဆိုရင် အပျော့ သုံးမျိုး၊ အလတ် သုံးမျိုး၊ အပြင်း သုံးမျိုးပေါ့၊  အပြင်း သုံးမျိုးထဲမှာတော့ နောက်ဆုံးနှစ်ခုကတော့ ဝန်ထမ်းကနေ ထုတ်ပယ်နဲ့ ဝန်ထမ်းကနေ ထုတ်ပစ်ဖြစ်ပါတယ်၊ ထုတ်ပယ်တဲ့ဝန်ထမ်းကတော့ ပြန်ပြီး တော့ခန့်မယ်ဆိုရင် ခန့်လို့ရတယ်၊ ရာထူးကနေ ထုတ်ပစ်လိုက်မယ်ဆိုရင်တော့ ဝန်ထမ်းလုပ်စားလို့ မရ တော့ဘူး"ဟု ဦးကျော်မင်း က ပြောသည်။

 

ထို့ပြင် ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူသည့်အပြင် လိုအပ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့်လည်း အရေးယူလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များအစည်းအဝေးတွင်လည်း ဝန်ထမ်း များနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိပြီး စုံစမ်းစစ်ဆေးကာ အရေးယူမှုများ ဆောင်ရွက်လျှက်ရှိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။

 

"EC အစည်းအဝေး ထိုင်တယ်၊ ကော်မတီဝင်တွေ ဆုံးဖြတ်တယ်၊ ကော်မတီက တင်ပေးလိုက်တယ်၊ ဘယ်သူက ပိုက်ဆံတောင်းလို့ ဘယ်သူက ဘာဖြစ်လို့နဲ့ အမျိုးစုံဘဲ၊ ဌာနပေါင်းစုံက တော်တော်များများရဲ့ဥစ္စာတွေ၊ ဆုန်းဖြူးလေးတွေပေါ့၊ ဒါရှိမယ်၊ အဲဒါဆိုရင် ကျွန်တော်တို့က ဝိုင်းဆုံးဖြတ်ပြီးတော့မှ ထုတ်ပစ်တာလည်းရှိတယ်၊ ရာထူးရပ်ဆိုင်းတာလည်း ရှိတယ်"ဟု  ဦးမောင်မောင်စိုး က ပြောသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများတွင်လည်း ဝန်ထမ်းများအနေဖြင့်  အခကြေးငွေကောက်ယူခြင်း၊ အဂတိလိုက်စားခြင်းများ ရှိပါကလည်း ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

ငြိမ်းငြိမ်း