မန္တလေး ၁၆  ဇန်နဝါရီ

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေးနှင့် မျိုးဆက်သစ် ရွက်ပုံးသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက မန္တလေးမြို့၊မန္တလာသီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ ရွှေတံဆိပ် (၁၀) ဆု၊ငွေတံဆိပ်(၇)ဆု၊ ကြေးတံဆိပ် (၄) ဆု ဖြင့် စုပေါင်းတံခွန်စိုက် ဆုရရှိခဲ့ကြောင်း သိရသည်။

 

963.

 

အဆိုပါ ဝူရှူးအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် မှ ၁၆ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အားကစားသမား (၁၇၀)ဦးကျော် တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို  ထောက်လုပြိုင်ပွဲ နှင့် ဆန်းဆိုပြိုင်ပွဲ ဟူ၍ နှစ်မျိုးခွဲခြားကာ အမျိုးသား/အမျိုးသမီးထောက်လုပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား (၁၁) မျိုးနှင့် ဆန်းဆိုပြိုင်ပွဲတွင် ကီလိုဝိတ်တန်းအလိုက် အမျိုးသားပြိုင်ပွဲအမျိုးအစား (၇)မျိုး နှင့်အမျိုးသမီးပြိုင်ပွဲ အမျိုးအစား(၅)မျိုး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် အမျိုးသား/အမျိုးသမီး ဆန်းဆိုပြိုင်ပွဲ တံခွန်စိုက်ဆုဖလားနှင့် အကောင်းဆုံး ကစားသမားဆု၊အမျိုးသား/အမျိုးသမီး ထောက်လုပြိုင်ပွဲ တံခွန်စိုက် ဆုဖလားနှင့် အကောင်းဆုံးကစား သမားဆုများ အပါအဝင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ဒုတိယနှင့် တတိယ ဆုများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး  ရွှေတံဆိပ် (၁၀) ဆု၊ ငွေတံဆိပ်(၇)ဆု၊ ကြေးတံဆိပ် (၄) ဆု ဖြင့် စုပေါင်းတံခွန်စိုက်ဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း က ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါ ဆုချီးမြှင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ဒိုင်အဖွဲ့များ၊ ဆုရရှိသူများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)