ရန်ကုန် ၁၆ ဇန်နဝါရီ

 

YBS ယာဉ်များ ပြေးဆွဲမှုကို စနစ်တကျ ကြီးကြပ်ကွပ်ကဲလျက်ရှိရာ ၃ နှစ်တာကာလ ကျော်လွန်ပြီးချိန်တွင် ဝန်ဆောင်မှုကောင်းမွန်အောင် ဆက်လက်အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက ပြောကြားသည်။

 

"YRTA နဲ့ YBS စနစ်ဟာ ဒီယာဉ်လမ်းကြောင်းတွေကို ကြီးကြပ်ကွပ်ကဲနေတာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းတွေထဲမှာ သယ်ယူပို့ဆောင်ပြေးဆွဲနေတဲ့ အခြေအနေက ပုဂ္ဂလိကကုမ္ပဏီတွေကပဲ ပြေးဆွဲနေတာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှု၊ ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒီအားနည်းချက်တွေကို YRTA က စောင့်ကြည့်လေ့လာ ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။ ဒီအတွက် ၃ နှစ်တာ ကာလကျော်လွန်လာတဲ့ အချိန်မှာ YRTA ဘက်ကနေ YBS, YBO တွေကနေ အခုပြေးဆွဲနေတဲ့ ကုမ္ပဏီတွေကို စနစ်တကျ ကြီးကြပ်ကွပ်ကဲမှုကို ဆက်လက်မြှင့်တင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ မြှင့်တင်မယ်ဆိုတာ ဝန်ဆောင်မှုပိုကောင်းအောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။ ဝန်ဆောင်မှုမကောင်းတဲ့ ကုမ္ပဏီတွေကို အသိပေးဆောင်ရွက်ဖို့ စတင်သွားမှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက ရန်ကုန်မြို့ တာမွေမြို့နယ် စကိုင်းစတားဟိုတယ်၌ ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၏ ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)နှင့် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုစနစ် ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီလာကျော်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် YRTA မှ မန်နေဂျင်းဒါရိုက်တာ ဉီးအောင်ညီညီမော်က YRTA နှင့် YBS  စနစ်တို့၏ ၃ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း YBS စွမ်းဆောင်ရည် အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၉ ခုနှစ်အတွင်း ပြေးဆွဲခဲ့သော ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ကုမ္ပဏီ ၁၉ ဖွဲ့နှင့် ပုဂ္ဂလိကကြီးကြပ်ယာဉ်လိုင်း ၄ ဖွဲ့ရှိကာ ယာဉ်အစီးရေပေါင်း ၆၇၃၈ စီး ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ တိုင်းဒေသကြီးအတွင်း ပြေးဆွဲယာဉ်လိုင်းပေါင်း ၁၀၀ ရှိကာ ပြေးဆွဲခရီးစဉ်လမ်းကြောင်းပေါင်း ၁၃၄ ခုရှိသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း