ခြူးစန္ဒီနွေး
အခုတစ်ပတ်မှာတော့အရင်ဖော်ပြနေကျ နိုင်ငံတကာအကြောင်းအရာတွေ မဟုတ်ဘဲ သိပ္ပံသတင်းနဲ့ အခြားစိတ်ဝင်စားဖွယ်ရာသတင်းတွေကို စုစည်း တင်ပြလိုက်ပါတယ်။
အာကာသကိုသွားမယ် လိုက်မလားအချစ်ရယ်
ပထမဆုံးဖော်ပြလိုတဲ့အကြောင်းအရာကတော့ ဂျပန်ဘီလျံနာတစ်ဦး ဟာ အာကာသအတွင်းကို သူနဲ့အတူသွားဖို့ လက်တွဲဖော်ရှာနေတယ်ဆိုတဲ့ အကြောင်းအရာပါပဲ။ ဒီအကြောင်းအရာကတော့စိတ်ကူးယဉ်သိပ္ပံဇာတ်ကား တွေထဲကအတိုင်းပါပဲ။ ဂျပန်ဘီလျံနာတစ်ဦးဖြစ်တဲ့ ယူဆာကူ မဲဇာဝါကတော့ အာကာသခရီးရှည်မှာသူနဲ့အတူလိုက်ပါမယ့် အထူးပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေနေပါတယ်။ သူဟာမကြာသေးခင်ကမှ သူ့ရဲ့ချစ်သူနဲ့လမ်းခွဲထား တာလည်းဖြစ်ပါတယ်။ အာကာသကိုသူနဲ့အတူ သွားဖို့အမျိုးသမီး လက်တွဲဖော်ကို ရှာနေကြောင်းအွန်လိုင်းကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။ အာကာသ အတွင်း သွားမယ့်ခရီးစဉ်ကိုတော့ ၂၀၂၃ ခုနှစ်မှာ အစီအစဉ်ဆွဲထားပါတယ်။ အထီးကျန်ဆန်ပြီး ဘာမျှမရှိသလို ခံစားနေရတဲ့ခံစားချက်ကနေ သက်သာရာရဖို့အတွက် အမျိုးသမီးလက်တွဲဖော်ရှာဖို့ကြိုးစားနေတာပါ။ ဘဝတစ်သက်တာ လက်တွဲဖော်ကို ရှာနေတာလည်းဖြစ်တယ်လို့ အသက် ၄၄ နှစ်အရွယ် ယူဆာ ကူမဲဇာဝါက ပြောပါတယ်။ သူဟာ ZoZOuown ဆိုတဲ့ အွန်လိုင်းရှော့ပင်းထောင်ထားပြီး ဂျပန်မှာတော့နာမည်ကြီးပါပဲ။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုကတော့ နှစ်ဘီလီယံရှိတယ်လို့ ဖော့ဘ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သူ့ရဲ့ဘဝ လက်တွဲဖော်အဖြစ် လျှောက်ထားမယ့်အမျိုးသမီးကတော့ အသက် ၂၀ အရွယ် လူလွတ်အမျိုးသမီး ဖြစ်ရပါမယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ရမှာဖြစ်ပြီး အာကာသအကြောင်းကို စိတ်ဝင်စားသူလည်း ဖြစ်ရပါမယ်။ လျှောက်လွှာနောက်ဆုံးရက်ကတော့ ဇန်နဝါရီ ၁၇ ရက်ဖြစ်ပြီး မတ်လအတွင်းမှာ အပြီးသတ်ရွေးချယ်သွားမယ်လို့ သိရပါတယ်။
စက်ရုပ်အကူအညီနဲ့ ခွဲစိတ်မှုပြုလုပ်
နောက်ထပ်ဖော်ပြပေးမယ့် အကြောင်းအရာကတော့ တရုတ်နိုင်ငံမှာ စက်ရုပ်ရဲ့ အကူအညီနဲ့ တင်ပါးအစားထိုးကုသမှုကို ပြုလုပ်နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာပါပဲ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ တရုတ် နိုင်ငံ ပေကျင်းရှိ ကျင်းရွှေထန်ဆေးရုံမှာ ပြည်တွင်းဖြစ်စက်ရုပ်ရဲ့ အကူအညီ နဲ့ တင်ပါးအစားထိုးကုသမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ လူနာဟာ တင်ပါးနာကျင်မှုဝေဒနာကို နှစ်ပေါင်းများစွာကြာအောင် ခံစားခဲ့ရသူလည်း ဖြစ်ပါတယ်။ အစားထိုးကုသရာမှာတော့ စက်ရုပ်ဟာ လူနာရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲခြမ်းနိုင်ပြီး ကျောရိုးတင်ပဆုံရိုး ဆက်နွယ် မှုကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်ဟာ စီစဉ်ထားတဲ့အတိုင်း ခွဲစိတ်ရာမှာကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ခွဲစိတ်ဆရာဝန်ရီရှင်က ပြောပါတယ်။ ဒီလိုနဲ့ တိုင်းပြည်အတွက် ပထမဆုံးခွဲစိတ်မှုပြုလုပ်ရာမှာ အကူအညီပေးတဲ့ စက်ရုပ်ဖြစ်လာခဲ့ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ နာဗီကတော့ အရိုးကုသရာမှာ အသုံးဝင် မယ့်စက်ရုပ်ကို အထူးလေ့လာနေတာပဲ ဖြစ်ပါတယ်။ ကျို ဦးဆောင်တဲ့ အဖွဲ့ဟာ ခွဲစိတ်စက်ရုပ်တွေမှာ အသိပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးစားလုပ်ဆောင်နေတဲ့အဖွဲ့ လည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ တရုတ်နိုင်ငံမှာ တင်ပါးအစားထိုးကုသမှု သုံးသိန်းခန့်ပြုလုပ်ခဲ့ပါတယ်။ စက်ရုပ်ရဲ့ အကူအညီနဲ့ ခွဲစိတ်မှုလုပ်ဆောင်တာဟာ နောက်ပိုင်းမှာ ရေပန်းစား လာမယ်လို့ယူဆပြီး လူနာတွေအတွက် ပိုမိုတိကျတဲ့ကုသမှုတွေ လုပ်ဆောင် ပေးနိုင်မယ်လို့ ကျိုက မျှော်လင့်ထားပါတယ်။
နှစ်ငါးရာတိုင်တိုင် မကွဲတဲ့ကြက်ဥ
နောက်ထပ်ဖော်ပြပေးမယ့် အကြောင်းအရာကတော့ နှစ်ပေါင်း ၅၀ဝ သက်တမ်းရှိကြက်ဥတွေအကြောင်းပဲ ဖြစ်ပါတယ်။ ကြက်ဥဆိုတာ အင်မတန်မှ ကွဲလွယ်တဲ့အရာပါ။ ဒါတောင်မှ နှစ်ပေါင်း ၅၀ဝ တိုင်တိုင်မကွဲဘဲ ရှိနေခဲ့တယ် ဆိုရင်တော့ ထူးဆန်းတဲ့အကြောင်းအရာတစ်ခုဖြစ်လာပါပြီ။ တရုတ်နိုင်ငံ စီချွမ် ပြည်နယ်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာတော့ ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝ ခန့်ကဆန်တစ်အိုးနဲ့ကြက်ဥတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ မင်မင်းဆက်ခေတ်က အုတ်ဂူအတွင်းက အဲဒီအိုးကို ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၅၀၁ ခုနှစ်တုန်းက ယန်းမင်လို့အမည်ရတဲ့လူ ရဲ့ အုတ်ဂူဖြစ်မယ်လို့ ယူဆရပြီး သူ့မှာဇနီးနှစ်ဦးရှိတယ်လို့လည်း သိရပါတယ်။ ကြက်ဥတွေကို ပုံစံမပျက်ဘဲ ဆန်အိုးထဲမှာတွေ့ရှိရတာပဲ ဖြစ်ပါတယ်။ ကြက်ဥဘယ်နှလုံးတွေ့တယ်ဆိုတာကိုတော့ သုတေသီတွေက အတိအကျ ပြောဆိုခဲ့ခြင်း မရှိပါဘူး။ သင်္ချိုင်းဂူကိုတည်ဆောက်ရာမှာ သေချာဂရုစိုက်ပြီး တည်ဆောက်ခဲ့တာကြောင့် အပူချိန်နဲ့ စိုထိုင်းမှုဟာ ပုံမှန်ဖြစ်နေတယ်။ ဒါကြောင့်လည်း ကြက်ဥတွေ ကွဲမသွားခဲ့တာလို့ ပြတိုက်မှူးက ပြောပါတယ်။ တရုတ်ရှေးဟောင်း ဂူသင်္ချိုင်းတွေကနေ ကြက်ဥတွေ အကောင်းပကတိ ရတာကတော့ ရှားပါးတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း ကျန်းစုပြည်နယ်မှာ ကြက်ဥထည့်ထားတဲ့အိုးကို နှစ်ပေါင်း ၂၅၀ဝ သက်တမ်းရှိ ဂူသင်္ချိုင်းထဲကနေ တွေ့ခဲ့ရပါတယ်။ ကြက်ဥတွေအားလုံး ထဲက တစ်လုံးသာကွဲနေခဲ့တာကိုလည်း တွေ့ရပါတယ်။ အုတ်ဂူအတွင်းမှာ ကြက်ဥထည့်တာနဲ့ပတ်သက်ပြီး သမိုင်းပညာရှင်တွေဟာ အငြင်းအခုံလုပ်နေကြတုန်းပဲရှိပါတယ်။ တချို့ကလည်း အသက်ရှည်ခြင်းရဲ့ သင်္ကတေဖြစ်တယ် လို့ ယူဆကြပြီး အချို့ကတော့ အုတ်ဂူပိုင်ရှင်ဟာ အသက်ရှင်စဉ်တုန်းက ကြက်ဥကြိုက်တဲ့လူဖြစ်တာကြောင့် အုတ်ဂူမှာ ကြက်ဥထည့် မြှုပ်တာလို့ ယူဆကြပါတယ်။
အရက်ကြောင့် သေဆုံးသူအမျိုးသမီး အရေအတွက်မြင့်တက်
နောက်ဆုံးဖော်ပြပေးမယ့် အကြောင်းအရာကတော့ အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် သေဆုံးရတဲ့အမျိုးသမီးအရေအတွက် ထင်ထင်ရှားရှား မြင့်တက်လာတယ် ဆိုတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။ အရက်ကို အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ သောက်သုံးတဲ့အမျိုးသမီးတွေ အမေရိကန်မှာ မြင့်တက်လာတာကို တွေ့ရပါတယ်။ အရက်အလွန်အကျွံသောက်သုံးမှုနှင့် အရက်စွဲလမ်းမှုဆိုင်ရာ အမျိုးသားအင်စတီကျူကနေ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်တစ်လွှားမှာ သေဆုံးမှုတွေကို လေ့လာကြည့်ရာမှာတော့ အရက်သောက်သုံးလို့ သေဆုံးရတာ အပါအဝင် နာတာရှည်ရောဂါကြောင့် သေဆုံးမှု၊ ဆေးလွန်လို့ သေဆုံးရမှုနဲ့ အခြားဆေးဝါးတွေ ရောစပ်အသုံးပြုမှုကြောင့်သေဆုံးရမှုတွေကို တွေ့ရှိရပါတယ်။ အဲဒီအချိန်ကာလအတွင်း အရက်နဲ့ ဆက်နွယ်မှုကြောင့် သေဆုံးရမှုဟာ ၅၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ အရက်ကြောင့် သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်ကတော့ ၈၅ ရာခိုင်နှုန်းအထိ ရှိတာကို သုတေသီတွေက လေ့လာမိခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာအရက်ကြောင့် သေဆုံးရတဲ့အမျိုးသမီး အရေအတွက် ၁၈၀၇၂ ဦးရှိပြီး ၁၉၉၉ ခုနှစ်တုန်းကတော့ ၇၆၆၂ သာရှိခဲ့ပါတယ်။ ဒါတွေကတော့ လတ်တလောမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို စုစည်းတင်ပြ ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ကိုးကား -စီအင်န်အင်န်၊ ဆင်ဟွာ၊ နယူးယောက်တိုင်းမ်