ဂန့်ဂေါ ၁၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာနနှင့် ဂန့်ဂေါခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (ဂန့်ဂေါ) ၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီက ဂန့်ဂေါအထကတွင် ကျင်းပသည်။

ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးညွန့်နိုင်၊ ဂန့်ဂေါခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မင်းညို၊ ခရိုင်ပညာရေးမှူး ဦးစိန်အောင်၊ နှစ်ထပ်ကွမ်း လူရည်ချွန် ကျောင်းသူ မထက်ထက်ပိုင်၊ လူရည်ချွန် ကျောင်းသူ မယုဝတီနိုင် တို့က ကလေးစာပေပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။

ဖွင့်ပွဲအခမ်းအနားကို ပုံညာခန်းမ၌ ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင် က အမှာစကား ပြောကြားရာတွင် ကလေးစာပေပွဲတော်ကနေ ကလေးများ စာဖတ်ရှိန်မြင့်မားလာစေရန် ၊ ပွဲတော်မှာ ကျောင်းသားလူငယ်များ ပျော်ရွှင်စွာကစားရင်း ချစ်ကြည်ရင်းနှီးလာပြီး စုပေါင်းအလုပ်များတွင် ဝိုင်းဝန်း ပါဝင်တတ်တဲ့ အလေ့အကျင့်ရစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်၊ နောင်အနာဂတ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖက်ဒရယ် ပြည်တောင်စုစနစ်ဖော်ဆောင်ရာတွင် ကလေးလူငယ်များ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ကလေးစာပေပွဲတော်ကို ဆောင်ရွက်နေတာဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ၏ တောင်သားရိုးရာအက၊ ချင်းတိုင်းရင်းသား ရိုးရာအက၊ ယောမြို့ကဖိတ်ခေါ်သံအက၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ ထာဝရသစ္စာအကတို့ဖြင့် ဆက်လက် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့်အဖွဲ့သည် ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ကျင်းပလျက်ရှိသည့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များက စီစဉ်ပြသသည့် ပညာပေးပြခန်းများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ၊ စကားထာဆက်ပြိုင်ပွဲများနှင့် စာအုပ် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကလေးစာပေပွဲတော်(ဂန့်ဂေါ) ကို ဇန်နဝါရီ ၁၇ ရက်၊ ၁၈ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြကြောင်း သိရသည်။

သတင်း- တောင်သားမောင်သန်း၊
ဓာတ်ပုံ ၊ သန်းနိုင်ဦး (ငဖဲ)
