မုံရွာ ၁၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် ခရီးသွားလာကြသည့်ပြည်သူများ အသုံးပြုနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် အများပြည်သူသုံး သန့်စင်ခန်း(၂)လုံး ဆောက်လုပ်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၏ ပြောကြားချက်အရ သိရသည်။
“ပထမနှစ်လုံး ဆောက်လိုက်တာကတော့ ကန်သာယာနံဘေးမှာဆောက်တဲ့ အများသုံး သန့်စင်ခန်းက မျက်နှာလှည့်တာကို မကြိုက်တာ၊ ညဈေးတန်းကြားက အများသုံးသန့်စင်ခန်းကျတော့ မက်သဒစ် အသင်းတော်က တာဝန်ရှိသူတွေ ကန့်ကွက်ကြလို့ပျက်သွားတယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီးတော့ နေရာ(၂)ခုကို ရွေးချယ်ပေးထားတယ် ဘာမှတော့အကြောင်းမပြန်ကြားသေးဘူး၊ ဘတ်ဂျက် အနေနဲ့ကတော့ ရှိပြီးသား အရင်နှစ်က ဆောက်လုပ်ဖို့(၂)လုံးအတွက်က ပျက်သွားပြီး မသုံးဖြစ်တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဘတ်ဂျက်ငွေ ပြန်သွင်းခဲ့ရတယ်၊ အခုရွေးပေးထားတဲ့(၂)လုံးက အများသုံး သန့်စင်ခန်းတွေဖြစ်တဲ့အတွက် ပြည်သူတွေအသုံးပြုလို့ ကောင်းမွန်မဲ့နေရာဖြစ်ဖို့သေသေချာချာ ရွေးပေးထားတယ်၊ ဆောက်လုပ်ပြီးရင်တော့ အသုံးပြုသူတွေအနေနဲ့ သတ်မှတ်ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်မည့် အများသုံးသန့်စင်ခန်းများကို ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းရှိ ညဈေးတန်း စာတိုက်ကြီးအနီးတွင် တစ်လုံးနှင့် ထန်းတောရပ်ကွက် သံလမ်းဈေး အနီးတွင် တစ်လုံးဆောက်လုပ်ရန် ပဏာမနေရာရွေးချယ်ပေးထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)