နေပြည်တော် ၁၇  ဇန်နဝါရီ

 

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ တက္ကသိုလ်များ၊ အစိုးရအဖွဲ့အစည်းများကြား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ သုတေသနကွန်ရက် တည်ထောင်ရန်နှင့် အတွေ့အကြုံပညာရပ်များ ဖလှယ်ရန် ရည်ရွယ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ Hilton Hotel တွင် ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် သြစတြေးလျနိုင်ငံ University of New South Wales မှ Korea Research Institute တို့ပူးပေါင်းကာ “State Capacity for National Development in Myanmar and Korea: Sharing Experiences Between Myanmar- Korea, 2020” အမည်ဖြင့် ကျင်းပခြင်းဖြစ်သည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် စက်မှုကဏ္ဍဖွံ့ဖြိုးရေးမူဝါဒ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအကြောင်း၊ ဈေးကွက်စီးပွားရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍများအကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။

 

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က “အခုအခမ်းအနားက မြန်မာနိုင်ငံပညာရေးနဲ့ စီးပွားရေးကဏ္ဍမှာသုတေသန လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးဖို့နဲ့ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပညာရေး မြှင့်တင်မှုလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့လူ့အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုဆောင်ရွက်နေကြသလဲ၊ ဆက်ပြီးတော့ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာကို ဝိုင်းဝန်းဆွေးနွေးအဖြေထုတ်ကြမှာပါ။

 

“ကျွန်တော်တို့ စီးပွားရေးတက္ကသိုလ်အနေနဲ့ ဆွေးနွေးပွဲတွေ၊ သုတေသန စာတမ်းဖတ်ပွဲတွေ အများကြီးလုပ်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာရှိတဲ့ ကိုရီးယား သုတေသနဌာနနဲ့ကတော့ ပထမဆုံးအကြိမ်လုပ်တာဖြစ်ပါတယ်။  အခုလိုမျိုးပွဲတွေ လုပ်တဲ့အတွက် ကိုယ့်နိုင်ငံက ကျောင်းသားကျောင်းသူတွေရယ်၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အနေနဲ့ အကျိုးကျေးဇူးအများကြီးရရှိမှာပါ” ဟုပြောသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ မူဝါဒချမှတ်သူများ၊ ပညာရှင်များ၊ မူဝါဒရေးရာ လေ့လာသူများ၊ သုတေသနပညာရှင်များ၊ ဝန်ကြီးဌာနများမှ အစိုးရအရာရှိများ၊ မဟာတန်းကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

သတင်းနှင့် ဓာတ်ပုံ- ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး