နေပြည်တော် ၁၇ ဇန်နဝါရီ

 

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုးတက်မှု ရှိမရှိ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများကိုသိရှိ၍ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြပေးရန် ပြောကြားသည်။

 

ဆက်လက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီဖွဲ့စည်းမှုနှင့်လုပ်ငန်းတာဝန်များ၊ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းကော်မတီဝင်များ၏ ဆောင်ရွက်ပြီးစီးမှု၊ အမျိုးသားကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ပါ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက် (၅) ချက်၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများ၊ အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဖြစ်ပေါ်တိုးတက်မှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်