ပခုက္ကူ ၁၇ ဇန်နဝါရီ
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲကို ပခုက္ကူမြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ပခုက္ကူ)၌ ဇန်နဝါရီလ ၁၇ ရက် နံနက် ၉နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်တို့က သင်တန်းဖွင့်အမှာစကားပြောကြားကြသည်။ ဆက်လက်၍ နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသင်းလဲ့ရီက ဌာနလုပ်ဆောင်ချက်များအကြောင်းနှင့် ဆိုင်ကယ်ပြင်သင်တန်းနှင့် စက်ချုပ်သင်တန်းများကို မြန်မာနိုင်ငံရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(၄)ကျောင်းတွင် ရွေးချယ်ဖွင့်လှစ်သင်ကြားပေးနေသည့် အကြောင်းများကို ရှင်းလင်းပြောကြားပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ပခုက္ကူ)မှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမြိုင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်မှ မတ်လ ၃၁ ရက်အထိ ဆိုင်ကယ်ပြင် သင်တန်းသား ၂၀ ဦး၊ စက်ချုပ်သင်တန်းသူ ၂၀ ဦးတို့ကို စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ကြကြောင်း သိရသည်။

ကိုတမာ