ပွင့်ဖြူ ၁၈ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က ဌာနဆိုင်ရာများစုပေါင်း၍ မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ငန်းလိုအပ်ချက်အခက်အခဲများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကျေးရွာများသို့ ကွင်းဆင်းကာ ဝန်ဆောင်မှုပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့ကျေးရွာနေ ပြည်သူများအနေဖြင့် လိုအပ်ချက်အခက်အခဲများကို တင်ပြဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက ပြုလုပ်ဆောင်ရွက်ပေးသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အခွန်ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာရှိ ဒေသခံပြည်သူ ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)