ရန်ကုန် ၁၈ ဇန်နဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ ဟံသာဝတီနှင့် ရခိုင်အသင်းတို့ အနိုင်ရခဲ့ပြီး ရတနာပုံနှင့် စစ်ကိုင်းအသင်းတို့ သရေကျခဲ့သည်။
ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲရယူနိုင်ခြဲ့ခြင်းဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်ကို တစ်ဂိုးအရှုံးမှ နှစ်ဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ အမှတ်ပေးပွဲ ၃၅ ပွဲဆက် ရှုံးပွဲမရှိခဲ့သည့် မှတ်တမ်းမှာ ၃၆ ပွဲမြောက်တွင် ရပ်တန့်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲအရှုံးကြောင့် လာမည့်ပွဲများတွင် ပိုမိုရုန်းကန်ရတော့မည်ဖြစ်သည်။
ဟံသာဝတီအသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံနီးပါးပါဝင်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းမှာလည်း ဒေးဗစ်ဒန်းနှင့် ငြိမ်းချမ်းတို့မှလွဲ၍ လူစုံပါဝင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းက မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် ကိသ်မာတူနာက သွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဂိုးရပြီးနောက်ပိုင်းတွင် ကစားပုံတည်ငြိမ်လာပြီး ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ပထမပိုင်းတွင် အဓိကတိုက်စစ်မှူးနှစ်ဦးဖြစ်သည့် ဒိုနယ်နှင့် အီမီကာတို့ ပုံမှန်ခြေမရသောကြောင့် ပထမပိုင်းတွင် အရေးနိမ့်နေသည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက ချေပဂိုးရရန် တိုက်စစ်မြင့်လာသလို နိုင်ငံခြားသားတိုက်စစ်မှူးနှစ်ဦးလည်း ပုံမှန်ခြေရလာသောကြောင့် ရှမ်းယူနိုက်တက်အသင်းဘက်သို့ ပိုဖိကစားနိုင်ခဲ့သည်။ ၆၅ မိနစ်တွင် ဟံသာဝတီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဒိုနယ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့၍ ချေပဂိုးပြန်ရခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ဟံသာဝတီအသင်း ပိုဖိကစားနိုင်ခဲ့ပြီး ၈၆ မိနစ်တွင် ဒိုနယ်ကပင် အနိုင်ဂိုးသွင်းယူခဲ့သည်။
မန္တလာသီရိကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းနှင့် စစ်ကိုင်းအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ရတနာပုံအသင်းသည် ၁၈ မိနစ်တွင် အောင်သူသွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၃၈ မိနစ်တွင် ဇော်လင်းထက်က စစ်ကိုင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက Southern အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းအတွက် အနိုင်ဂိုးကို ၂၁ မိနစ်တွင် ကောင်းမြတ်ကျော်က သွင်းယူခဲ့သည်။ Southern အသင်းသည် အိမ်ကွင်း၌ နှစ်ပွဲဆက် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် (၂) နောက်ဆုံးနေ့ကို ဇန်နဝါရီ ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဇွဲကပင်အသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်