ရန်ကုန် ၁၈ ဇန်နဝါရီ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူမှုကူညီရေးအဖွဲ့ချုပ် (China Charity federation) နှင့် ရန်ကုန်အခြေစိုက် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဖူဝေအထူးကုဆေးရုံကြီး၌ မွေးရာပါနှလုံးရောဂါအား ခွဲစိတ်ကုသမှု သွားရောက်ခံယူခဲ့သော ကလေးငယ်များအနက် ကူမင်းမြို့၌ ကျန်ရှိနေခဲ့သော ကလေးငယ်လေးဦးမှာ ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူမှုကူညီရေးအဖွဲ့ချုပ် (China Charity federation) နှင့် ရန်ကုန်အခြေစိုက် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းတို့သည် ရန်ကင်းမြို့နယ် ကန်ဘဲ့လမ်းရှိ ရန်ကင်းကလေးအထူးကုဆေးရုံကြီးနှင့် ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါသည် ကလေးငယ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဖူဝေအထူးကုဆေးရုံကြီး၌ စရိတ်ငြိမ်းခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်ကုသပေးမှု၌ ကလေးငယ်ကိုးဦး ပါဝင်ခဲ့ကာ ဒီဇင်ဘာ ၄ ရက်က ကူမင်းမြို့သို့ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။

 

ယင်းတို့အနက် ခွဲစိတ်ကုသမှု အောင်မြင်ပြီးစီးခဲ့သော ကလေးငယ်သုံးဦးမှာ ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက်က တစ်ဦး ပြန်လည်ရောက်ရှိခဲ့ရာ ယခုပြန်လည်ရောက်ရှိလာသည့် ကလေးငယ်လေးဦးမှာ နောက်ဆုံးအသုတ် ဖြစ်သည်။

 

ယခုဆေးကုသများအတွက် နေထိုင်သွားလာ စားသောက်စရိတ်များ အပါအဝင် စရိတ်စကအားလုံးအား အခမဲ့စရိတ်ငြိမ်း ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

 

အာကာလင်း