ဖါပွန် ၁၈ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဖါပွန်ခရိုင်၊ ဖါပွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခွဲက ဖါပွန်ခရိုင်စုပေါင်းရုံး ယွန်းစလင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ ထောက်ပံ့ငွေနှင့် လူမှုပင်စင်များ ပေးအပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖါပွန်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံ ပြည်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသ၏အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန် ပြောကြားရာ ဒေသခံများက ၎င်းတို့ဒေသ၌ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ယွန်စလင်းမြစ်ကမ်းပြိုမှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် ရေစီးရေလာ ကောင်းမွန်ရေးနှင့် မြစ်ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးရန်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဖါပွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၆၆၃ ဦး၊ အသက်(၂)နှစ်အောက် ကလေးသူငယ် ၉၅၁ ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ် ၇၁၇၇၅၀ဝ၀ နှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ၁၇၈ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ်  ၅၃၄၀ဝ၀ဝ  စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၇၇၁၇၅၀ဝ၀ အား ဖါပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးထံ လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ထောက်ပံ့ငွေ ကျပ် ၄၅၀ဝ၀ စီကို ပေးအပ်ခဲ့သည်။

 

mdn

 

အလားတူ ဖါပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ကမမောင်းမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၄၆၇ ဦး၊ ကလေး ၆၉၈ ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ် ၅၁၈၈၅၀ဝ၀ နှင့် သက်ကြီးရွယ်အို ၁၄၇ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ် ၄၄၁၀ဝ၀ဝ စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၅၆၂၉၅၀ဝ၀ အား ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသန့်ထံ လွှဲပြောင်းပေးအပ်၍ ပြည်နယ်ဝန်ကြီးများက အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)