မော်လူး ၁၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ ရေပေးဝေရေးကော်မတီက နွေရာသီ သောက်သုံးရေရှိရေးနှင့် မိဘပြည်သူများ ရေပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေး ကော်မတီများက ယနေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
“ကျွန်တော်တို့မော်လူးမှာ နွေရာသီရောက်ရင် ရေသုံးစွဲမှု အခက်အခဲမဖြစ်ရအောင် ကြို့ပင့်အိုက်ကနေ ၃ မိုင်ခန့်အကွာ ကရင်ရွာထိပ်ရေစုကန်ထဲကို ၆ လက်မ ပိုက်လုံး၊ ၄ လက်မ ပိုက်လုံးတွေနဲ့ ထက်မံအားဖြည့်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၇၀ဝ) ခန့်ကို မော်လူးမြို့ ရေပေးဝေရေး ကော်မတီက အကုန်အကျခံပြီး လုပ်ဆောင်နေပါတယ်" ဟု မော်လူးမြို့ ရေပေးဝေရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ရွှေက ပြောသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မော်လူးမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရေပေးဝေရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့်အဖွဲ့တို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေမရရှိသေးသောသူများအား ရေတိုးချဲ့ပေးဝေနိုင်ရေးအတွက် ကျောက်စီကွန်ကရစ် ရေကျော်ဆည်နှင့် ရေပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကျောက်စီကွန်ကရစ် ရေကျော်ဆည်မှာ အလျားပေ (၆၀)၊ ရေကျော်ရေကျမျက်နှာပြင် အကျယ်ပေ (၂၀) ရှိပြီး ရေကျလှေကားထစ်မှာ (၅) ထစ်ရှိကြောင်း သိရသည်။
နီတိုး